News

POST TYPE

FOREIGN AFFAIRS

“ဝ” အထူးဒေသဘက်က တင်ပို့သည့် စိတ်ကြွရူးသွပ်ဆေးပြား သန်းနှင့်ချီ၍ ထိုင်းနိုင်ငံတွင်ဖမ်းမိ
23-Aug-2018 tagged as


ဘန်ကောက်၊ ဩဂုတ် ၂၃

ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံ ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘက်ကလာသော မီသာအဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၄ သန်းကျော်ခန့်ကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိလိုက်သည်ဟု ထိုင်းအာဏာပိုင်တို့၏ တရားဝင်ထုတ်ပြန်ချက်ကို Bangkok Post သတင်းစာက ရေးသားဖော်ပြသည်။

ထိုင်းရဲတပ်ဖွဲ့၏အဆိုအရ ထိုင်းနိုင်ငံဘက်တွင် “ရူးသွပ်ဆေး” သို့မဟုတ် “ယာဘ” (မြန်မာနိုင်ငံဘက်တွင် WY) ဟုလူသိများ သည့် လိမ္မော်ရောင် မီသာအဖက်တမင်း ဆေးပြားများကို စနေနေ့က အယုဒ္ဓယ ပြည်နယ်တွင် ဖမ်းဆီးရမိလိုက်သည်။

အဆိုပါ ယာဘဆေးပြားများ၏ စုစု ပေါင်းတန်ဖိုးမှာ ဘတ်ငွေ ၁ ဒသမ ၄၈ ဘီလီယံခန့်ရှိပြီး အိမ်နီးချင်း မလေးရှား နိုင်ငံနှင့် အခြားဒေသများသို့ တင်ပို့ရန် စီစဉ်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အမှုတွင် ပါဝင်ပတ်သက်နေသူ သုံးဦးကို လည်း ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ယင်း စိတ်ကြွရူးသွပ်ဆေးပြားများသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ ရှမ်းပြည်နယ်ရှိ “ဝ” လက်နက်ကိုင်အုပ်စုက ထိန်းချုပ်ထားသော နယ်မြေထဲမှလာသော ဆေးပြားများဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို(NSB) က ဖမ်းဆီးရမိသည့် အဆိုပါ ယာဘ စိတ်ကြွရူးသွပ်ဆေးပြားများကို ရုံးချုပ်တွင်ပြသခဲ့သည်။ ဆေးပြားများကို အထုပ်ကြီးများဖြင့် ကောင်းမွန်စွာ ထုပ်ပိုးထားသည်ကိုတွေ့ရသည်။

NSB အကြီးအကဲ ရဲချုပ် ဆွမ်မိုင်ကွန်ဗီဆိုင်ဆွတ်က ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများမှာ မလေးရှားနိုင်ငံသို့ တင်ပို့ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ မလေးရှားမှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ မူးယစ်ဆေးဝါး မှောင်ခိုဈေးကွက်များသို့ ဖြန့်မည်ဖြစ်ကြောင်း ပြောကြားသည်။

“အဲဒါတွေကို ဥရောပ၊ အမေရိက၊ ဩစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား စတဲ့နေရာတွေဆီ ဖြန့်ကြမှာ။ ငွေကြေး အမြတ်အစွန်းလည်း အများကြီးရကြမှာ”ဟု ရဲချုပ် ဆွမ်မိုင်ကွန်ဗီဆိုင်ဆွတ်က ပြောကြားသည်။

ယခုလိုဖမ်းဆီးရမိမှုမျိုးကို အာဆီယံဒေသတွင်း စိတ်ကြွရူးသွပ်ဆေးပြား အမြောက်အမြားတစ်ပြိုင်နက်တည်း ဖမ်းမိမှုအဖြစ် သတ်မှတ်၍ရသည်။ မကြာသေးခင်ကလည်း မလေးရှားတွင် မြန်မာနိုင်ငံမှတင်ပို့လိုက်သော စိတ်ကြွရူးသွပ်ဆေးပြားများကို ကွန်တိန်နာအလုံးလိုက် ဖမ်းမိခဲ့သည်။ အင်ဒိုနီးရှားတွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား အမြောက်အမြားဖမ်းမိမှုများ ပေါ်ပေါက်ခဲ့သည်။

အရှေ့တောင်အာရှဒေသတွင် မီသာ အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မှုနှင့် မှောင်ခိုရောင်းဝယ်မှုမှာ ကြောက်မက်ဖွယ်ရာ ကောင်းသောအဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုထိန်းချုပ်ရေးအဖွဲ့က မေလကထုတ်ပြန်သော အစီရင်ခံစာတွင် သတိပေးထားသည်။

စိတ်ကြွရူးသွပ်ဆေးပြားအများစုမှာ မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရှမ်းပြည်နယ်ရှိ၊ ဥပဒေစိုးမိုးမှုမရှိသော နယ်မြေများမှ ထွက်ရှိနေခြင်းဖြစ်သည်။ ယင်းဒေသများသည် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း နှစ်ကာလ ကြာမြင့်စွာ နာမည်ပျက်ခဲ့သည့် နယ်မြေများဖြစ်သည်။

မြန်မာနိုင်ငံတွင် WY ဟု အမည်ရသည့် ဆေးပြားများ အပါအဝင် အခြားမူးယစ်ဆေးဝါးများ ထုတ်လုပ်မှုနှင့် ဖြန့်ဝေမှုများကို အာဏာပိုင်များက နှိမ်နင်းလျက် ရှိသော်လည်း ယင်းကိစ္စသည် ဒီမိုကရေစီ အစိုးရအတွက် ကြီးမားသည့် စိန်ခေါ်မှုအဖြစ် ဆက်ရှိနေဆဲပင်ဖြစ်သည်။

F-01

  • TAGS