News

POST TYPE

FOREIGN AFFAIRS

ကိုရီးယားစစ်ကြောင့်ကွဲကွာခဲ့သည့် အသက် ၉၂ နှစ်အရွယ်မိခင်နှင့် ၇၁ နှစ်အရွယ်သားဖြစ်သူတို့ နှစ် ၆၀ ကျော်အတွင်း ပထမဆုံးဆုံတွေ့ခွင့်ရ


ဆိုးလ်၊ ဩဂုတ် ၂၂

ကိုရီးယားစစ်ပွဲကြောင့် နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ကွဲကွာခဲ့သော မိသားစုဝင်များ ပြန်လည်တွေ့ဆုံပွဲတွင် အသက် ၉၂ နှစ်အရွယ်မိခင်နှင့် အသက် ၇၁ နှစ်အရွယ်သားဖြစ်သူတို့ ၎င်းတို့၏ဘဝတွင် ပထမဆုံးပြန်လည်တွေ့ဆုံခွင့်ရ သွားသည့်သတင်းမှာ ကိုရီးယားနှစ်နိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ကြောင်း Independent သတင်းစာက ရေးသားဖော်ပြသည်။ 

“သားလေး၊ သားမှာသားသမီးဘယ် နှယောက်ရှိလဲ။ သားမှာသားယောကျာ်း လေးရောရှိလား”ဟု မေးသူမှာ အသက် ၉၂ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသူ လီကွမ်ဆွမ်းဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော်ကြာကွဲကွာပြီးနောက် ပြန်လည်တွေ့ဆုံခွင့်ရသည့် သူမ၏သားဖြစ်သူမှာ ရီဆန်ချူးဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံသားဖြစ်သည်။ 

“ကျွန်မနဲ့ သားလေးကွဲသွားတုန်းက သားလေးက လေးနှစ်သားအရွယ်ပဲရှိသေးတယ်။ ကျွန်မခင်ပွန်းလည်း သေပြေးရှင်ပြေးထွက်ပြေးခဲ့ရတယ်” ဟု မစ္စလီကွမ်ဆွမ်းက သားဖြစ်သူနှင့် မတွေ့ဆုံမီတစ်ရက် အလိုက ပြောကြားခဲ့သည်။ 

“ခုလိုတွေ့ဆုံခွင့် ရမယ့်နေ့ဆိုတာ ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ စိတ်ကူးတောင် မယဉ်မိခဲ့ပါဘူး။ ကျွန်မသားလေးသက်ရှိထင်ရှား ရှိနေသေးရဲ့လားဆိုတာတောင်မသိပါဘူး” ဟုလည်း သူမကဆိုခဲ့သည်။ 

သားအမိနှစ်ဦးမှာ တွေ့လျှင်တွေ့ချင်း သားဖြစ်သူမစ္စတာရီက မိခင်အိုကြီးကို ပွေ့ဖက်သည်။ အသက် ၄ နှစ်အရွယ်က နောက်ဆုံးတွေ့ခဲ့ဖူးသော မိခင်ကို ပြန်လည်တွေ့ဆုံရ၍ လွန်စွာပျော်ရွှင်နေသည်။ သူ၏ လက်ထဲတွင်ပါလာသောဓာတ်ပုံမှာ ကွယ်လွန်သွားပြီဖြစ်သည့် ဖခင်ကြီး၏ ဓာတ်ပုံဖြစ်သည်။ 

မစ္စတာရီ၏ ဖခင်မှာ ကိုရီးယားစစ်ပွဲအတွင်း မြောက်ကိုရီးယားဘက်သို့ထွက်ပြေးခဲ့ရာ ဇနီးဖြစ်သူ မစ္စလီကွမ်ဆွမ်းနှင့် ကွဲကွာခဲ့ရသည်။ မစ္စလီကွမ်ဆွမ်းမှာမူ ဆိုးလ်မြို့ရှိရာဘက်သို့ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။ 

“အမေရေ၊ ဒါ အဖေ့ဓာတ်ပုံလေ” ဟု မစ္စတာရီက မစ္စလီကွမ်ဆွမ်းကို ပြသည်။ 

မြောက်ကိုရီးယားနိုင်ငံတွင်းရှိ စိန်တောင်ဟုအမည်ရသော အပန်းဖြေစခန်းတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် သားအမိနှစ်ဦး ပြန်လည်ဆုံတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နည်းတူ နှစ်ပေါင်းများစွာကွဲကွာနေသော သားအမိ၊ မောင်နှမ၊ ညီအစ်မ၊ ညီအစ်ကို စသည့်တို့လည်း တွေ့ဆုံခွင့်ရရှိခဲ့သည်။ 

တောင်ကိုရီးယားအာဏာပိုင်များအဆိုအရ မိသားစုဝင်ပေါင်း ၉၀ ခန့်ယခု တစ်ကြိမ်တွင် တွေ့ဆုံခွင့်ရရှိခဲ့ကြသည်။ အများစုမှာ လမ်းကောင်းစွာမလျှောက်နိုင်တော့ဘဲ လက်တွန်းလှည်း (ဝှီးချဲ) ပေါ်တွင်ထိုင်ကာ သား၊ သမီးမြေးများ၏ ပို့ဆောင်ပေးမှုဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ 

စစ်အတွင်းကွဲကွာခဲ့သော မိသားစု များ ပြန်လည်တွေ့ဆုံမှုကို ၂၀၀၀ ပြည့်နှစ်က စတင်ခဲ့ပြီး ယခုနောက်ဆုံးတစ်ကြိမ်အပါအဝင် စုစုပေါင်းအကြိမ် ၂၀ ထိ တွေ့ဆုံပေးခဲ့ပြီးဖြစ်သည်။ 

တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်များအတွင်း ဆက်ဆံရေးတင်းမာခဲ့သော်လည်း ယခုနှစ်တွင်း သမ္မတမွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့ နယ်စပ်မြို့တွင် နှစ်ကြိမ်တိတိတွေ့ဆုံပြီး နောက်ဆက်ဆံရေးပြန်လည်နွေးထွေးခဲ့သလို ယခုလိုကွဲကွာနေသောမိသားစုများ ပြန်လည်တွေ့ဆုံခွင့်ပြုရန် သဘောတူညီခဲ့ကြသည်။ 

သို့သော် မဲနှိုက်သည့်စနစ်တွင် မဲပေါက်သောကြောင့် မြောက်ကိုရီးယားသို့ လာရောက်ခွင့်ရသွားသည့် မိသားစုဝင်များအနေနှင့် မြောက်ကိုရီးယားဘက်က ကွဲကွာနေသောဆွေမျိုးသားချင်းနှင့် တွေ့ဆုံရာတွင် သုံးရက်တာကာလအတွင်း ၁၁ နာရီခန့်သာ တွေ့ခွင့်ရခဲ့သည်ဟုသိရသည်။

F-01