News

POST TYPE

FOREIGN AFFAIRS

အိးဒ်နေ့တွင် အာဖဂန်သမ္မတအိမ်တော်အနီးကို ဒုံးကျည်ကျ၍ ပစ်ခတ်မှုများဖြစ်
22-Aug-2018 tagged as


ကဘူးလ်၊ သြဂုတ် ၂၂

အိးဒ်နေ့တွင် အာဖဂန်နိုင်ငံမြို့တော် ကဘူးလ်ရှိ သံရုံးများနှင့် သမ္မတအိမ်တော်အနီးတွင် ဒုံးကျည်မိုးရွာချတိုက်ခိုက်ခံရပြီးနောက် အစိုးရဘက်မှ ပြန်လည် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား အနည်းဆုံး နှစ်ဦးသေဆုံးခဲ့သည်ဟု DW သတင်းဌာနတွင် ဖော်ပြသည်။

သမ္မတ အက်ရှ်ရက်ဖ် ဂါနီက အိးဒ်နေ့ မိန့်ခွန်းပြောကြားနေစဉ်တွင် သမ္မတအိမ်တော်အနီးသို့ ဒုံးကျည်များ ကျရောက်ခဲ့ပြီး တာလီဘန်တို့နှင့် ချွင်းချက်ဖြင့် အပစ်အခတ် ရပ်စဲရန် ကမ်းလှမ်းထားပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒုံးကျည်တစ်ခု သမ္မတအိမ်တော်အနီးသို့ ထိမှန်ခဲ့ပြီး အခြားဒုံးကျည်တစ်ခုမှာ အမေရိကန်သံရုံးနှင့် နေတို ရုံးချုပ်အနီးတွင် ကျရောက်ခဲ့သည်။ သံရုံးများရှိရာ ဧရိယာသို့ ဒုံးကျည်အလုံး ၂၀ ကျော်ထိမှန်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် ခြောက်ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ဗိုလ်ချုပ်ကြီး မူရက်ဒ်အလီမူရက်ဒ်က ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုအပေါ် တာလီဘန်တို့က လတ်တလော ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်သေးသော်လည်း အိုင်အက်စ်အဖွဲ့ကမူ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်များဖြင့် တုံ့ပြန်ခဲ့ပြီး ရော့ကတ်များလွှတ်တင်ရာနေရာဟု ယူဆရသည့် အီဒ်ဂါး ဗလီအနီးရှိ နေအိမ်တစ်လုံးကို ဗုံးကြဲခဲ့သည်။

ကဘူးလ်မြို့ရှိ ဒုံးကျည်ထိမှန်ခဲ့သော သံရုံးဧရိယာအတွင်းတွင် အစိုးရ အဆောက်အအုံများနှင့် သံရုံးများစွာရှိပြီး အာဖဂန်တွင် လုံခြုံရေး အတင်းကြပ်ဆုံး ဒေသဖြစ်သည့်အလျောက် ယင်းဧရိယာကို ကြီးမားသော အုတ်နံရံများနှင့် သံဆူးကြိုးများဖြင့် ကာရံထားသည်။

အိးဒ်နေ့ အခါသမယတွင် အပစ်အခတ် ရပ်စဲရန် ဂါဟ်နီက ပြီးခဲ့သည့် တနင်္ဂနွေနေ့ကတည်းက ကမ်းလှမ်းထားခဲ့ပြီး တာလီဘန်များ ဖောက်ဖျက်မှသာ ပစ်ခတ်မှုများ ရှိနိုင်သည်ဟု ပြောကြားထားခဲ့သည်။

F-06

  • TAGS