News

POST TYPE

FOREIGN AFFAIRS

ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို ကင်ဂျုံအန်း ပြင်းထန်စွာပြစ်တင်ဝေဖန်၊ စီးပွားရေးဖွံ့ဖြိုးရေးကိစ္စကို ယခင်ကထက်ပိုအာရုံစိုက်
22-Aug-2018



ပြုံယမ်း၊ ဩဂုတ် ၂၁

မြောက်ကိုရီးယားနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ပြင်းထန်စွာဝေဖန်ရှုတ်ချလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာကထူးခြားစွာ သတင်းဖော်ပြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အစိုးရယန္တရားများနှင့်ပတ်သက်၍ ပြစ်တင်ဝေဖန်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ဖူးသော မြောက်ကိုရီးယားနိုင်ငံတွင် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ယခုလို ကျန်းမာရေးကဏ္ဍအပေါ် ပြစ်တင်ဝေဖန်ခဲ့သည်ဟူသောသတင်းမှာ ထူးခြားသည့်ဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။ 

ကင်ဂျုံအန်းသည် အင်္ဂါနေ့က နိုင်ငံမြောက်ပိုင်း ဖုန်ဂန်းပြည်နယ်ရှိ ဆေးဝါးပစ္စည်းများထုတ်လုပ်သည့် စက်ရုံတစ်ရုံသို့ သွားရောက်လည်ပတ်ခဲ့စဉ် ယင်းသို့ ပြစ်တင်ဝေဖန်လိုက်ခြင်းဖြစ်သည်ဟု KCNA သတင်းဌာနက ဆိုသည်။ 

မြိုဂန်ဆန်ဟုအမည်ရသည့် အဆိုပါ စက်ရုံမှာ ခေတ်မီဆန်းသစ်နိုင်ခြင်းမရှိသည့်အတွက် ကင်ဂျုံအန်းက အားမလိုအားမရဖြစ်ကာ ပြစ်တင်ဝေဖန်လိုက်ခြင်း ဖြစ်သည်ဟု သတင်းကဆိုသည်။ 

“လူထုကျန်းမာရေးကဏ္ဍမှာ ဂုဏ်ယူစရာဆိုလို တစ်ပြားတစ်ချပ်မှမရှိဘူး” ဟု ကင်ဂျုံအန်းက ဝေဖန်လိုက်ပြီး ၎င်းအနေနှင့် ပြည်တွင်းဆေးဝါးထုတ်လုပ်မှုတွင် အခြေခံကျစွာ တိုးတက်ကောင်းမွန်နိုင်ရေးအတွက် ကိုယ်တိုင်အာရုံစိုက်ကာ လုပ်ဆောင်သွားမည်ဖြစ်သည်ဟုလည်း ကတိပြုပြောဆိုသွားသည်။ 

တရုတ်နယ်စပ်ဒေသအနီး ဆယ်မီယွန်းရှိ လုပ်ငန်းခွင်တစ်ခုသို့ ထပ်မံသွားရောက်ကြည့်ရှုရာတွင်လည်း မီးရထားလုပ်ငန်းအတွက် လုပ်သားအင်အားနည်းပါးနေသည်ကို တွေ့ရှိခဲ့သောကြောင့် ကင်ဂျုံအန်းက ပြစ်တင်ဝေဖန်ခဲ့ပြန်သည်။ 

တရုတ်နယ်စပ်ဒေသသို့ ဖောက်လုပ်သည့် မီးရထားလမ်းမှာ လာမည့် ၂၀၁၉ ခုနှစ်တွင်ပြီးဆုံးရမည့် ရထားအခြေအနေကိုကြည့်ပြီး ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

ယင်းလုပ်ငန်းခွင်ကို ကြည့်ရှုရင်း ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုကင်းစင်ရေး၊ လျှပ်စစ်မီးတိုးမြှင့်ထုတ်လုပ်ရေး စသည်တို့ကိုလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟု KCNA က ဆိုသည်။ 

အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်ရောက်ရှိနိုင်သော ဒုံးကျည်များအပါ အဝင်ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ယင်း လက်နက်အစီအစဉ်များကို ရပ်ဆိုင်းကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဘက်ကို အာရုံစိုက်လာခဲ့သည်။ 

ပြီးခဲ့သည့် ဇွန်လကစင်ကာပူတွင် ကျင်းပပြုလုပ်သောအမေရိကန်သမ္မတ ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့စဉ်ကလည်း ကင်ဂျုံအန်းက မြို့တော်-နိုင်ငံဖြစ်သော စင်ကာပူ၏ စီးပွားရေးတိုးတက်မှုကို ချီးမွမ်းပြောဆိုခဲ့သည်။ 

ယင်းစင်ကာပူခရီးစဉ်နောက်ပိုင်းတွင် ကင်ဂျုံအန်းသည် မြောက်ကိုရီးယားရှိ စက်ရုံများနှင့် စက်မှုဇုန်များသို့ မကြာခဏ သွားရောက်လေ့လာပြီး ဖွံ့ဖြိုးမှုနှေးကွေးနေပါက ပြစ်တင်ဝေဖန်လာခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံအတွင်း ဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်မှုရပ်ဆိုင်းလိုက်ခြင်းကို အသိအမှတ်ပြုသည်ဆိုပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတ်မှတ်ပြဋ္ဌာန်းထားသော ဒဏ်ခတ်အရေးယူမှုများကို ဖြေလျှော့ပေးရမည်ဖြစ်သည်ဟု မြောက်ကိုရီးယားအစိုးရက ပြောဆိုထားသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဝန်ဆန်ဒေသသို့ သွားရောက်ခဲ့စဉ်က ယင်းဒေသတွင် ကမ္ဘာလှည့်ခရီးသည်များအတွက် တည်ဆောက်နေသော အပန်းဖြေကမ်းခြေဧရိယာသည် မြောက်ကိုရီးယားပြည်သူများကို ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် ဒုက္ခရောက်အောင်လုပ်နေသော အင်အားစုများနှင့် လိပ်ခဲတည်းလည်းအခြေအနေ တစ်ရပ်ကို ကိုယ်စားပြုကြောင်း၊ ထို့ပြင် ယင်းအပန်းဖြေကမ်းခြေဧရိယာ တည်ဆောက်မှုလုပ်ငန်းသည် ယခုလို အကျပ်အတည်းဖြစ်နေသည့်အချိန်ကာလတွင် သေသေ၊ ရှင်ရှင် လုပ်ရမည့်လုပ်ငန်းဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောဆိုခဲ့သည်။

F-01