News

POST TYPE

FOREIGN AFFAIRS

တရုတ်ပံ့ပိုးမည့် အရှေ့ဘက်ကမ်းရိုးတန်း ရထားလမ်းကွန်ရက်နှင့် ပိုက်လိုင်းစီမံကိန်းများ လတ်တလော ရပ်ဆိုင်းကြောင်း မဟာသီယာကြေညာ


ကွာလာလမ်ပူ၊ ဩဂုတ် ၂၁

တရုတ်က ရန်ပုံငွေပံ့ပိုးထားသော အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ တန်ဖိုးရှိ အရှေ့ဘက်ကမ်းရိုးတန်း ရထားလမ်း ကွန်ရက် (ECRL) စီမံကိန်းနှင့် ဆာဘားဟ်ရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတို့ကို လတ်တလောရပ်ဆိုင်းကြောင်း မလေးဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ဩဂုတ်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Channel News Asia သတင်းဌာနက ဖော်ပြသည်။

ငါးရက်ကြာ တရုတ်ခရီးစဉ်အတွင်း မြို့တော်ပေကျင်း၌ မီဒီယာများနှင့် တွေ့ဆုံစဉ် မဟာသီယာက ယခုကဲ့သို့မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ မလေးရှားကအကုန်အကျ မခံနိုင်သေးမီ ယင်းစီမံကိန်းများကို ရပ်ဆိုင်းထားမည်ဟု မဟာသီယာက ပြောကြားခဲ့သည်။

တရုတ်အစိုးရက ပံ့ပိုးသည့် ဤစီမံကိန်းနှစ်ခုကို ရပ်ဆိုင်းရသည့် ရည်ရွယ်ချက်ကို တရုတ်သမ္မတရှီချင့်ဖျင်နှင့် ဝန်ကြီးချုပ်လီခဲ့ချန်တို့ ကောင်းကောင်းနားလည်ကြောင်း မဟာသီယာက ပြောကြားခဲ့သည်။

“သူတို့ကို ရှင်းပြခဲ့ပါတယ်။ သူတို့လည်း အခြေအနေကိုနားလည်တဲ့အတွက် လက်ခံကြပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မလေးရှားကို ဒေဝါလီခံရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာကို မြင်ချင်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု မဟာသီယာက တရုတ်ခရီးစဉ်အဆုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မဟာသီယာသည် မေလတွင် အံ့အားသင့်ဖွယ် တစ်ကျော့ပြန်အနိုင်ရခဲ့ပြီးနောက်ပိုင်း လူထုမနှစ်သက်သော တရုတ်စီမံကိန်းများကို ဆိုင်းငံ့ထားခဲ့သည်။

ECRL စီမံကိန်းသည် မလေးရှားတွင် တရုတ်၏ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွင် အဓိကစီမံကိန်းဖြစ်သော်လည်း ကုန်ကျစရိတ်နှင့် အကျင့်ပျက်ခြစားမှု ဆိုင်ရာစွဲချက်များကြောင့် ရပ်ဆဲထားရသည့် စီမံကိန်းဖြစ်သည်။

ပို့တ်ကလန်နှင့် ကိုတာဘာရူကို ချိတ်ဆက်ပေးမည့် ၆၈၈ ကီလိုမီတာရှည်လျားသော ရထားလမ်းကွန်ရက် စီမံကိန်းကို ယမန်နှစ်က စတင်ခဲ့ပြီး ၂၀၂၄ တွင် ပြီးစီးရန် ရည်မှန်းထားခဲ့ခြင်းဖြစ်သည်။

မဟာသီယာကအဆိုပါစီမံကိန်းများသည် ကုန်ကျစရိတ်အလွန်များပြီး မလေးရှားအတွက် လတ်တလောမလိုအပ်သေးသလို ယခင်အစိုးရ၏အမွေအဖြစ် ကြွေးမြီတစ်ပုံတစ်ခေါင်း တင်ရှိကာကျန်ရစ်ခဲ့သောကြောင့် တိုင်းပြည်၏ ငွေရေးကြေးရေး အခြေအနေအရ မဆောက်သင့်သေးဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“စီမံကိန်းက ဆက်လုပ်မှာ မဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ ဦးစားပေးက အကြွေးတွေ လျှော့ဖို့ပါ။ လတတ်လောမှာတော့ ကျုပ်တို့မတတ်နိုင်သေးခင် ဒါကို ရပ်ထားမှာပါ”ဟု ဝန်ကြီးချုပ်ကပြောကြားခဲ့ပြီး ယင်းမှာ လတ်တလောရပ်ဆိုင်းထားခြင်းသာဖြစ်ကြောင်း သတင်းထောက်များကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။

ကီမာနစ်မှ ဆန်ဒါကန်နှင့် တာဝါအူသို့ ၆၆၂ ကီလိုမီတာရှည်လျားမည့် ဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းမှုပါဝင်သော ဆာဘားဟ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ ဇူလိုင်လကတည်းက ရပ်ဆိုင်းထားခြင်းဖြစ်သည်။ တရုတ်ကုမ္ပဏီများကို ခွင့်ပြုပေးထားရသော စာချုပ်ပါ စည်းကမ်းချက်များသည် မလေးရှားပြည်သူတို့အတွက် အကျိုးမရှိဖြစ်နေသည်ဟု မဟာသီယာ အစိုးရက ကြေညာထားသည်။

F-03