News

POST TYPE

FOREIGN AFFAIRS

ရှစ်နှစ်စာ နောက်ကျနေသော စာအစောင် ၁၀ တန်ကို ပို့ရန် ပါလက်စတိုင်းစာတိုက်စီစဉ်
21-Aug-2018


ဂါဇာ ဩဂုတ် ၂၀

ပါလက်စတိုင်း စာတိုက်လုပ်သားများသည် လွန်ခဲ့သော ရှစ်နှစ်လုံးလုံး အစ္စရေးတို့ ထိန်းချုပ်သိမ်းဆည်းထားသော စာပေါင်း ၁၀ တန်ကျော်ကို ဖြန့်ဝေနိုင်ရန်အတွက် စီစဉ်နေရခြင်းကြောင့် အလုပ်များနေကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ပါလက်စတိုင်း အရပ်သားရေးရာအတွက် တာဝန်ရှိသော အစ္စရေးကာကွယ်ရေးဌာနကိုဂက်က စာများကို ထိန်းချုပ်ထားရခြင်း၏အကြောင်းရင်းကို ရှင်းလင်းပြောဆိုခြင်းမပြုပေ။

အစ္စရေးတို့သည် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း အာဏာပိုင်များထံ တိုက်ရိုက်ပေးပို့မှုကို ၂၀၁၀ ကတည်းက ပိတ်ဆို့ထားခဲ့ပြီးနောက် စာနှင့် ပါဆယ်များ ဖြန့်ဝေခွင့်ကို အလွန်အမင်း နောက်ကျစွာ ခွင့်ပြုခဲ့သည်။ အနောက်ဘက်ကမ်းနှင့် ဂါဇာသို့ပို့မည့်စာအများစုကို ဂျော်ဒန်နိုင်ငံတွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

အစ္စရေးသည် ၁၉၆၇ အာရပ် - အစ္စရေး စစ်ပွဲအပြီးတွင် အနောက်ဘက် ကမ်းကို သိမ်းယူခဲ့ပြီးနောက် ပါလက်စတိုင်း နယ်မြေပတ်ပတ်လည်ရှိ နယ်စပ်များကို တင်းကျပ်စွာ ထိန်းချုပ်ခဲ့ပြီး ထိရောက်ကျယ်ပြန့်သော လုံခြုံရေးစစ်ဆေးမှုများကို ပြုလုပ်နိုင်ခဲ့သည်။

ပါလက်စတိုင်း စာတိုက်လုပ်ငန်း တာဝန်ရှိသူ ရာမာဒန်ဂါဇာဝီက အစ္စရေးသည် ဂျော်ဒန်မှတစ်ဆင့် စာများ တိုက်ရိုက်ပေးပို့ရေးဆိုင်ရာ ၂၀၀၈ သဘောတူညီချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု ပြောကြားသည်။

အစ္စရေးတို့က စာတိုက်အဆောက်အအုံ အဆင်သင့် မဖြစ်သေးကြောင်းနှင့် အကြီးစား လုံခြုံရေးစကင်ဖတ်စက်ကို စောင့်ဆိုင်းနေကြောင်း အကြောင်းပြခဲ့ကြသည်ဟု ၎င်းက ပြောကြားသည်။

အစ္စရေးကာကွယ်ရေးဌာန ကိုဂက်ကမူ စာတိုက်ရိုက်ပေးပို့မှုသည် တစ်ကြိမ်စာအတွက်သာ သဘောတူခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၁၆ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အစီအစဉ်များကို လုပ်ဆောင်နေရဆဲဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

သို့ရာတွင် အဘယ်ကြောင့် စာများကို ထိန်းချုပ်ထားခဲ့ရသည်ဆိုသော အကြောင်းရင်းကိုမူ ရှင်းလင်းခြင်းမပြုပေ။

ယခုအခါ စာများနှင့် ပါဆယ်ထုပ်များသည် အနောက်ဘက်ကမ်းရှိ ဂျယ်ရီကိုမြို့တွင် ရောက်ရှိနေပြီး တောင်ပုံရာပုံဖြစ်နေသောစာများ၊ ပါဆယ်များထဲတွင် လက်တွန်းလှည်းနှင့် ကစားစရာများလည်း ပါဝင်သည်ဟု သိရှိရသည်။

“စာတွေကို အမြန်ဆုံး ဖြန့်ဝေပေးနိုင်ဖို့အတွက် စာပို့အဖွဲ့ကို ဖွဲ့စည်းထားပါတယ်” ဟု ပါလက်စတိုင်း စာတိုက်လုပ်ငန်း ညွှန်ကြားရေးမှူးချုပ် ဟူစိန်ဆွာဖ်တာက ပြောကြားသည်။

သို့ရာတွင် ပျက်စီးသွားသောစာများ၊ ပါဆယ်ထုပ်များနှင့် မမှန်ကန်သောလိပ်စာများကိုမူ ပေးပို့နိုင်မည်မဟုတ်ဟုဆိုသည်။

“ကလေးကစားစရာတွေလည်း ပါသဗျ။ အဲဒီအရုပ်တွေ ပို့လိုက်တဲ့အချိန်တုန်းက သူတို့ တစ်နှစ်သားအရွယ်ဆိုရင် အခု ရှစ်နှစ်သားလောက် ရှိကြရောပေါ့” ဟု စာတိုက်တာဝန်ခံ ဂါဇာဝီက ပြောကြားသွားသည်။

F-04