News

POST TYPE

FOREIGN AFFAIRS

ဂျပန်လုပ် တစ်ယောက်အိပ် သေတ္တာခန်းများကို ဆော်ဒီစမ်းသပ်
20-Aug-2018



ရီယာဒ်၊ ဩဂုတ် ၁၉

ဆော်ဒီအာရေဗီးယားနိုင်ငံသည် တနင်္ဂနွေနေ့တွင် စတင်မည့် ခြောက်ရက်ကြာ ဟာ့ဂ်ျပွဲတော်ကာလအတွင်း မွတ်ဆလင်ဘုရားဖူး နှစ်သန်းခန့် ရောက်ရှိလာမည်ဟု ခန့်မှန်းရသောကြောင့် ဂျပန်တို့၏ နာမည်ကျော် အိပ်ခန်းသေတ္တာများကို အသုံးပြုရန် စီစဉ်နေသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

အဆိုပါအိပ်ခန်းသေတ္တာသည် ဟာ့ဂ်ျ ဘုရားဖူးလုပ်ငန်းကို ခေတ်မီပြင်ဆင်ပြောင်းလဲနေသည့် ဆော်ဒီအာရေဗီးယား၏ အစီအစဉ်သစ်များထဲမှ တစ်ခုဖြစ်သည်။ 

ယခုနှစ်တွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘာသာပြန်အက်ပ်များကိုလည်း အစိုးရက မိတ်ဆက်ပေးထားသေးသည်။

ဖိုင်ဘာဂလပ်စ်ဖြင့် ပြုလုပ်ထားကာ အရှည်သုံးမီတာနီးပါးနှင့် အမြင့်တစ်မီတာရှိသော တစ်ယောက်စာ အိပ်ခန်းသေတ္တာသည် မွေ့ရာ၊ အိပ်ရာခင်း၊ ကြည့်မှန်တစ်ချပ်နှင့် လေအေးပေးစနစ်တို့ ပါဝင်ပြီး နေရာမပုပ်စေရန်အတွက် အလျားလိုက်ကပ်၍ ဆင့်ကာစီထားမည်ဖြစ်သည်။

အိပ်ခန်းသေတ္တာများသည် ဟိုတယ်ခန်းငှားရန် မတတ်နိုင်သော်လည်း တစ်မှေးအိပ်စက်ရန် လိုအပ်သော ဘုရားဖူးပရိသတ်အတွက် ဖြေရှင်းပေးထားခြင်းဖြစ်သည်။ သေတ္တာခန်းတစ်ခုလျှင် ၁၁၁၄ ဒေါ်လာ အကုန်ခံကာ ဂျပန်မှတင်သွင်းထားခြင်းဖြစ်သည်။ 

သေတ္တာခန်းတွင် အနားယူမည့်သူသည် သုံးနာရီကြာအိပ်စက်ခွင့် ရရှိမည်ဖြစ်ပြီး ဧည့်သည်တစ်ဦးထွက်သွားလျှင် နောက်တစ်ဦးမဝင်မီ လုပ်သားများက သန့်ရှင်းရေးပြုလုပ်ထားမည်ဖြစ်သည်။

“မက္ကာလို ဘုရားဖူးတွေ ပြည့်ကျပ်နေတဲ့နေရာမှာ အလွန့်အလွန် ကိုက်ညီတဲ့ အစီအစဉ်ဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟု အစီအစဉ်ကို အကောင်အထည်ဖော်သူ ဟာဂျီနှင့် မူတာမာကုလိုလ်ဖြစ်အသင်း ဥက္ကဋ္ဌ အေမာက ပြောကြားသည်။

အိပ်ခန်းသေတ္တာများကို ယခုနှစ်အစောပိုင်းက စမ်းသပ်အသုံးပြုခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ပြီး ရာမာဒန်ဥပုသ်လတွင် နေ့စဉ်တစ်ခန်းလျှင် လူ ၆၀ ခန့် အသုံးပြုနိုင်မည်ဟု အေမာက ခန့်မှန်းထားသည်။

ယနေ့ကမ္ဘာတွင် အစ္စလာမ်ဘာသာသည် မြန်ဆန်စွာဖွံ့ဖြိုးနေသောကြောင့် ဆော်ဒီအာဏာပိုင်များအနေနှင့် ဟာ့ဂ်ျ ဘုရားဖူးလုပ်ငန်းတွင် ထောက်ပံ့ပို့ဆောင်ရေးစီမံမှုဆိုင်ရာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

ဘုရားဖူးကာလတွင် ကြယ်ငါးပွင့် ဟိုတယ်တွင်တည်းခိုသူမှသည် မြေနေရာလွတ်တွင် ရွက်ဖျင်တဲထိုး၍ အိပ်သူများအထိ ပါဝင်သော လူနှစ်သန်းခန့်အတွက် နေရာထိုင်ခင်းပေးရသောအလုပ်သည် လွယ်ကူသောအရာမဟုတ်ချေ။

မွတ်ဆလင်ဘာသာဝင်တိုင်းသည် ဖြစ်နိုင်မည်ဆိုပါက ၎င်းတို့၏ ဘဝတစ်သက်တာတွင် အနည်းဆုံးတစ်ကြိမ် ဟာ့ဂ်ျ ဘုရားဖူးသွားမှ ပြည့်စုံသည်ဟု ယုံကြည်ထားကြသည်။  

F-04