News

POST TYPE

FOREIGN AFFAIRS

ARSA အကြမ်းဖက်တိုက်ခိုက်မှု နှစ်ပတ်လည်အခမ်းအနား လုပ်မည်
19-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၉

ARSA အဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် တစ်နှစ်ပြည့် အခမ်းအနားတစ်ခုကို ရခိုင်အမျိုးသားပါတီ (ANP) အနေနှင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပါတီထံမှ သိရသည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသွားသူများအတွက် နှစ်ပတ်လည် ဆွမ်းကျွေးခြင်း၊ မေတ္တာပို့ အမျှဝေခြင်းများ ပြုလုပ်သွားရန် စီစဉ်ထားပြီး ကျင်းပပြုလုပ်မည့်နေရာကိုမူ လုံခြုံရေးအရ ဆွေးနွေးနေဆဲဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောကြားသည်။

အဆိုပါ အခမ်းအနားကို ဘူးသီးတောင်၊ မောင်တောဒေသတွင်ပြုလုပ်ရန် ဆွေးနွေးချက်အချို့ရှိပြီး လုံခြုံရေးအရ စိတ်ချရသော ညမထွက်ရအမိန့် (၁၄၄)နှင့် လွတ်ကင်းမည့်နေရာမျိုးတွင် ပြုလုပ်သွားရန်နှင့် အခြားအသေးစိတ် အစီအစဉ်များကို ပါတီတွင်း ဆွေးနွေးနေကြောင်း ဦးခိုင်ပြည်စိုးက ဆက်လက်ပြောကြားသည်။

“ဘူးသီးတောင်တို့ မောင်တောတို့ဆိုတာက ညမထွက်ရ ထုတ်ထားတဲ့နေရာတွေ ဖြစ်နေတဲ့အတွက် လုပ်တဲ့ဟာ တစ်ခုက တစ်ဖက်အတွက် အခွင့်ကောင်းယူပြီး လှုပ်ရှားမယ့် ပုံသဏ္ဌာန်မျိုး ဖြစ်သွားမှာကို စဉ်းစားတယ်။ ကိုယ်တို့ လုပ်တဲ့ဟာသည် မည်သူတစ်ဦးတစ်ယောက်ကို ပြောတာမျိုးမဟုတ်ဘဲ သေဆုံးသွားသူတွေကို မေတ္တာပို့ အမျှဝေတာမျိုးကို လုပ်မှာပါ”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ယခုကဲ့သို့ အခြေအနေများ ဖြစ်ပွားခဲ့သည်ကို အမှတ်ရစေရန်လည်း ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှစ၍ ဘူးသီးတောင်နှင့်မောင်တောရှိ နယ်စပ်လုံခြုံရေး တပ်စခန်းများနှင့် ရဲစခန်းများသို့ ARSA အကြမ်းဖက်အဖွဲ့က စတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဒေသခံများနှင့် အစိုးရဝန်ထမ်းများလည်း သေဆုံးခဲ့ရသည်။

လက်ရှိတွင် အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု နှစ်ပတ်လည်တွင် အကြမ်းဖက်တိုက်ခိုက်မှုပြန်လည် လုပ်ဆောင်လာမည့်သတင်းများ ထွက်ပေါ်နေပြီး စစ်တွေအပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့များတွင် လုံခြုံရေး တိုးမြှင့်ထားသည်။

J-08