News

POST TYPE

FOREIGN AFFAIRS

မြန်မာငါးတင်သွင်းမှုရပ်ဆိုင်းခြင်း ပြန်စိစစ်မည်ဟု ဆော်ဒီအာရေဗျ စာပို့
16-Aug-2018


ရန်ကုန်၊ ဩဂုတ် ၁၅

ဆော်ဒီအာရေဗျနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ ငါးတင်သွင်းမှုကို ရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်၍ ပြန်လည်စိစစ်ပေးမည်ဟု ဆော်ဒီသံရုံးမှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ စာပို့အကြောင်းကြားထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ပြန်လည်စိစစ်ပေးရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ စာပို့ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးနှင့်ပတ်သက်၍လည်း ဝက်ဘ်ဆိုက်မှတစ်ဆင့် မေးခွန်းအချို့ မေးမြန်းထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်ပပို့ကုန်နှင့် အရည်အသွေးစစ်ဆေးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီအောင်က ပြောကြားသည်။

“မွေးမြူရေးငါး တင်ပို့ခွင့်ပိတ်တာနဲ့ပတ်သက်ပြီး သူတို့ဘက်က ပြန်သုံးသပ်ပေးမယ်ဆိုပြီး စာလာတယ်။ ပြီးတော့ သူတို့ဘက်က ဆက်သွယ်ရမယ့်လူကိုလည်း တောင်းထားတဲ့အတွက် ငါးဦးစီးညွှန်ချုပ်ကို ပေးထားတယ်။ စာမှာ မေးခွန်းတွေဖြေဖို့ ဝက်ဘ်ဆိုက်လည်း ပေးထားပါတယ်”ဟု ၎င်းကပြောဆိုသည်။

မေးမြန်းထားသည့်မေးခွန်းများတွင် ရောဂါကူးစက်မှု၊ ဓာတ်ခွဲခန်း၊ ငါးရောဂါ၊ မွေးမြူရေးတို့နှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းထားခြင်းဖြစ်ပြီး မေးခွန်းများကို ငါးလုပ်ငန်းဦးစီးဌာနမှ ဌာနခွဲများ ပေါင်းစပ်ဖြေဆိုပြီးပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် ဆော်ဒီသံရုံးကို ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

“သူတို့မေးထားတဲ့မေးခွန်းတွေကို ဖြေတဲ့အပေါ်မူတည်ပြီး သူတို့ဘက်က စစ်ဆေးရေးအဖွဲ့ လက်တွေ့လာစစ်မယ်လို့တော့ သိရပါတယ်။ သူတို့မေးတာနဲ့ ဒီကဖြေတာ အံဝင်ခွင်ကျဖြစ်ရင်တော့ အခြေအနေကောင်းမယ်လို့ ထင်ပါတယ်။ ဘာမှ အကြောင်းမပြန်တာထက်စာရင်တော့ ဒီလိုလေး အဆက်အသွယ်ရတာ တော်သေးတယ်” ဟု ငါး၊ ပုစွန် ပို့ကုန်လုပ်ငန်းရှင် ဦးတင်လှက ပြောကြားသည်။

ဆော်ဒီနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ မွေးမြူရေးငါးများ တင်သွင်းမှုကိုရပ်ဆိုင်းထားသော်လည်း အခြားရေထွက်ပစ္စည်းများ တင်ပို့လျက်ရှိပြီး တစ်နှစ်လျှင် ဆော်ဒီနိုင်ငံသို့ မွေးမြူရေးငါးနှင့် ရေထွက်ပစ္စည်း တိုက်ရိုက်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၄၀ အထိရှိကြောင်း ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံမှ ပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန၊FDA အဖွဲ့နှင့် ငါးမွေးမြူရေး လုပ်ငန်းအဖွဲ့များမှ စစ်ဆေးရေးအဖွဲ့သည် ဗီယက်နမ်နိုင်ငံမှ ဆော်ဒီသို့ ငါး၊ ပုစွန်ရေထွက်ပစ္စည်းများတင်ပို့နေသည့် စက်ရုံ ၂၄ ရုံကို သွားရောက်စစ်ဆေးရာ သန့်ရှင်းမှုနှင့် ကိုက်ညီသည့် စက်ရုံ ၉ ရုံသာရှိသောကြောင့် ဗီယက်နမ် နိုင်ငံအပါအဝင် အခြားရေထွက်ကုန်များ တင်သွင်းလျက်ရှိသည့် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ငါးတင်သွင်းခြင်းကိုပါ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစ၍ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

အဆိုပါရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဖြေရှင်းပေးရန်အတွက်လည်း မွေးမြူရေးလုပ်ငန်းရှင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ တင်ပြတောင်းဆိုထားသည်။

J-11