News

POST TYPE

FOREIGN AFFAIRS

ဂျာမနီတွင် ဆီးရီးယား ရွှေ့ပြောင်းဒုက္ခသည် တစ်ဦးက ဂီတပွဲတော်အတွင်း ဗုံးခွဲ၊ တစ်ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ
25-Jul-2016

အန့်စ်ဘတ်ခ်ျ၊ ဇူလိုင် ၂၅

ဂျာမနီနိုင်ငံ၊ အန့်စ်ဘတ်ခ်ျမြို့တွင် ပြုလုပ်နေသော ဂီတပွဲတော်တစ်ခုတွင် ယနေ့ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ၁၂ ဦးခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

ဆီးရီးယား ရွှေ့ပြောင်းဒုက္ခသည်တစ်ဦးက ကျောပိုးအိတ်တွင်းထည့်၍ ယူဆောင်လာသော ဗုံးမှတစ်ဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဗုံးသယ်ဆောင်လာသူ ရွှေ့ပြောင်းဒုက္ခသည် သေဆုံးခဲ့ကာ ၁၂ ဦးခန့် ဒဏ်ရာရရှိသွားခဲ့သည်။

ဗုံးသယ်ဆောင်လာသူ အသက် ၂၇ နှစ်အရွယ် ဆီးရီးယား ရွှေ့ပြောင်းဒုက္ခသည်သည် ဂီတပွဲတော်အတွင်း ဝင်ရောက်ခွင့် ငြင်းပယ်ခံရပြီးနောက်တွင် ဗုံးကို စနက်တံဖြုတ်ကာ ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားသည်။

ဒဏ်ရာရရှိသူများထဲမှ သုံးဦးမှာ ဒဏ်ရာပြင်းထန်ပြီး ဗုံးပေါက်ကွဲပြီးနောက်တွင် လူပေါင်း ၂၅၀၀ ခန့်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။

ဒေသစံတော်ချိန် ၂၂ နာရီ၊ ၁၀ မိနစ်တွင် ဖြစ်ပွားသော ယင်းဗုံးပေါက်ကွဲမှုသည် ဂျာမနီ တောင်ပိုင်းရှိ ဘာဗာရီးယားပြည်နယ်တွင် တစ်ပတ်အတွင်း သုံးကြိမ်မြောက် တိုက်ခိုက်ခံရမှု ဖြစ်သည်။

ပြီးခဲ့သော တစ်ပတ်ခန့်က ဝုဖ်ဇ်ဘတ်မြို့တွင် လူတစ်ဦးက ရထားပေါ်တွင် ပုဆိန်ဖြင့် လိုက်ခုတ်သဖြင့် လူအများအပြား ဒဏ်ရာရရှိခဲ့ကာ ပြီးခဲ့သော သောကြာနေ့က မြူးနစ်မြို့တွင်လည်း လူတစ်ဦးက ဈေးဝယ်စင်တာအတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကိုးဦးထိ သေဆုံးခဲ့ရသည်။