News

POST TYPE

FOREIGN AFFAIRS

ပွင့်ဖြူရှိ သက်ငယ်မုဒိမ်းကျူးလွန်သူကို အမှုဖွင့်
မကွေး၊ ဇူလိုင် ၁၈

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာ၌ ဇူလိုင်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်သူကို ဇူလိုင် ၁၆ ရက်နေ့က အမှုဖွင့်လိုက်ကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ဇွန်လ ၃၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဖလံကျင်းကျေးရွာနေ အသက် ၁၂ နှစ် အရွယ်ရှိ ၅ တန်းကျောင်းသူကို တစ်ရွာတည်းနေ အသက် ၁၆ နှစ်အရွယ်ရှိ ယောကျာ်းလေးတစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ကို အမှုဖွင့်သူမရှိခဲ့သည့်အတွက် ရဲက အရေးမယူဘဲထားခြင်းကြောင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိက တရားလိုပြုလုပ်၍ တိုင်ကြားပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်း၏ မိခင်ဖြစ်သူက ဖလံကျင်းကျေးရွာ ကျေးလက်ကျန်းမာရေးရုံးသို့ သွားရောက်စစ်ဆေးခဲ့ရာတွင် ကျန်းမာရေးတာဝန်ခံ ဒေါ်သီသီအောင်က အဆိုပါကျေးရွာမှ သက်သေနှစ်ဦးနှင့်အတူ ဆေးစစ်ချက်အရ အမှန်တကယ်မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း အတည်ပြုထားကြောင်း ၎င်းက ဆိုသည်။

“ဒေသခံတစ်ဦးက အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပွင့်ဖြူ ရဲတပ်ဖွဲ့စခန်းကိုမေးတဲ့အခါ တိုင်ကြားသူမရှိလို့ အရေးမယူဘူးလို့ဆိုတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး အမှုကိုဖျောက်ဖျက်ခဲ့လို့ ဝန်ကြီးချုပ်ရဲ့တာဝန်ပေးချက်အရ ဖြစ်စဉ်ကိုသွားရောက်စုံစမ်းပြီး ကျွန်တော်ကိုယ်တိုင် မုဒိမ်းမှုကျူးလွန်တဲ့သူကို တရားစွဲဆိုခဲ့ပါတယ်”ဟု ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိ ဦးအောင်ဝင်းက ပြောဆိုသည်။

ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသည့်ရဲတပ်ဖွဲ့ဝင်များကိုလည်း သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးပြီး အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီကိစ္စမှာ ကျွန်တော်ကိုယ်တိုင် လုံးဝမပါဘူး။ အဲဒီကျူးလွန်တဲ့သူက ကျွန်တော့်ဆွေမျိုးဖြစ်နေတယ်ဆိုရင်တောင် ဘယ်သူ့မှမဖမ်းခိုင်းဘူး။ ကျွန်တော် ကိုယ်တိုင်ရဲစခန်းကို သွားပို့မယ်။ အဲဒီလောက်ခံယူချက် ရှိပါတယ်။ အဲဒီငွေကြေး ကိစ္စကိုမသိခဲ့ဘူး။ တာဝန်ယူခြင်းလည်း လုံးဝမရှိခဲ့ဘူး”ဟု ဖလံတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ပြောဆိုသည်။

ယခုဖြစ်စဉ်တွင် မုဒိမ်းမှုအကျူးလွန်ခံရသည့် ကလေးငယ်၏ မိသားစုဝင်များကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ ကျပ်သိန်း ၄၀ လျော်ကြေးပေးပြီး အမှုကို ဖျောက်ဖျက်ခဲ့ကြောင်း အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

အဆိုပါ မုဒိမ်းမှုကျူးလွန်ခဲ့သူဟုဆိုသည့် ယောကျာ်းလေးကို တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးအောင်ဝင်းက တရားလိုပြုလုပ်ကာ ပွင့်ဖြူ မြို့နယ်ရဲစခန်းတွင် ပ-၁၄၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။

လွင်အေး