News

POST TYPE

FOREIGN AFFAIRS

တရုတ်တွင် မိုးကြီး၊ ရေလွှမ်း၊ မြေပြိုမှုများကြောင့် လူ ၈၇ ဦး သေဆုံး၊ သန်းပေါင်းများစွာ ဘေးသင့်
24-Jul-2016
ဘေဂျင်း၊ ဇူလိုင် ၂၃

တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ်တွင် ယခုသတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး  ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈၇ ဦး သေဆုံးပြီး လူပေါင်း ၁၆ သန်းခန့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါ ဟီဘေးပြည်နယ်တွင် မိုးသည်းထန်မှုကြောင့် ဖြစ်ပွားသော မြေပြိုမှုနှင့် ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၇၈ ဦးခန့်လည်း ပျောက်ဆုံးလျက် ရှိသည်ဟု နိုင်ငံပိုင် Xinhua သတင်းဌာနက အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ 

နေအိမ်စုစုပေါင်း ၅၀၀၀၀ ကျော်ခန့် ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၈ ဒသမ ၆ သန်းခန့် ဘေးဒုက္ခများနှင့် ကြုံတွေ့ခဲ့ရသည်ဟုလည်း အာဏာပိုင်တို့က ပြောကြားသည်။ 

ဟီနန်ပြည်နယ် အလယ်ပိုင်းတွင်မူ မိုးကြိုးပစ်ခတ်မှုများနှင့် လေပြင်းများ တိုက်ခတ်မှု ဖြစ်ပွားပြီးနောက် လူ ၁၅ ဦး သေဆုံးခဲ့ပြီး ၈ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း၊ ထို့အတူ ယင်းပြည်နယ်မှ လူပေါင်း ၇ ဒသမ ၂ သန်းခန့်မှာလည်း ဘေးဒုက္ခများနှင့် ရင်ဆိုင်ခဲ့ရကြောင်း တရုတ်မီဒီယာများက ဖော်ပြသည်။ 

အစိုးရက ထုတ်ပြန်သော သတင်းများအရ ယခုနှစ်နွေရာသီတွင် တရုတ်ပြည် နေရာအတော်များများ၌ မထင်မှတ်ဘဲ မိုးသည်းထန်ခဲ့မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ခန့် ရှိသွားပြီ ဖြစ်သည်။ 

ထိုသို့ မိုးသည်းထန်ခြင်းကြောင့် လယ်ယာစိုက်ပျိုးမြေ ဟက်တာပေါင်း ၁ ဒသမ ၅ သန်းခန့်မှာလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရာ စီးပွားရေးအရ ယွမ်ငွေ ၂၀ ဘီလီယံ (ဒေါ်လာ ၃ ဘီလီယံ) ဖိုးခန့် ဆုံးရှုံးသွားခဲ့သည်။ 

ထိုသို့ သဘာဝ ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ပြည်နယ်ဒေသများကို ဘဏ္ဍာရေးအရ ကူညီထောက်ပံ့သွားမည်ဟုလည်း တရုတ်ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်ထားသည်။