News

POST TYPE

FOREIGN AFFAIRS

အီတလီက ရွှေ့ပြောင်းဒုက္ခသည် ကယ်ဆယ်ရေးသင်္ဘော စစ္စလီကျွန်းတွင် ဆိုက်ကပ်ခွင့်ပြု
17-Jul-2018


ရောမ၊ ဇူလိုင် ၁၆

အပြည့်အလျှံတင်ဆောင်လာသော စက်လှေပေါ်မှ ကယ်ဆယ်လာသော ရွှေ့ပြောင်းဒုက္ခသည် ၄၅၀ ကို အီတလီနိုင်ငံက စစ္စလီကျွန်းတွင် ဆိုက်ကပ်ဆင်းသက်ခွင့်ပြုမည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်၊ ဂျာမနီ၊ မော်လ်တာ၊ ပေါ်တူဂီနှင့် စပိန်တို့က ရွှေ့ပြောင်းဒုက္ခသည်များကို ၅၀ စီ ခွဲဝေလက်ခံရန် သဘောတူခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အီတလီက ပြောကြားသည်။ အီတလီနှင့် မော်လ်တာ နှစ်နိုင်ငံစလုံးက အဆိုပါ ကယ်ဆယ်ရေးသင်္ဘောကို အခြားနိုင်ငံများက ဆိုက်ကပ်ခွင့်ပြုသင့်သည်ဟု အစောပိုင်းက ပြောဆိုနေခဲ့ကြသည်။

အီတလီအစိုးရသစ်က ၎င်းတို့နိုင်ငံ၏ ကမ်းခြေများသို့ ဒုက္ခသည်များ စီးဝင်လာမှုကို ပိတ်ဆို့ရန်အတွက် မူဝါဒများကို တင်းကျပ်ထားသည်။ ယခုအချိန်အထိ ကလေးများနှင့် အမျိုးသမီးများသာပါဝင်သော ဒုက္ခသည် ၅၇ ဦးကိုသာ စစ္စလီကျွန်း ပိုဇာလိုဆိပ်ကမ်းတွင် ဆင်းသက်ခွင့်ပြုထားသည်။

အဆိုပါ ရွှေ့ပြောင်းဒုက္ခသည်များကို စနေနေ့တွင် အီးယူ၏ Frontex မစ်ရှင် ကယ်ဆယ်ရေးသင်္ဘောနှစ်စင်းက စက်လှေတစ်စင်းပေါ်မှ ကယ်ဆယ်လာခဲ့သော်လည်း အီတလီက ၎င်း၏ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်ကို ငြင်းပယ်ခဲ့သည်။ 

မော်လ်တာနိုင်ငံကလည်း ဗော်လက်တာတွင် ဆိုက်ကပ်ခွင့်ကို ငြင်းပယ်ခဲ့ပြီး အီတလီ လမ်ပီဒူဆာကျွန်းများနှင့် ပိုနီးသည်ဟု ပြောဆိုခဲ့သည်။

အီတလီပြည်ထဲရေးဝန်ကြီး မတ်တီယိုဆာလ်ဗီနီက ကယ်ဆယ်ရေးသင်္ဘောများသည် ဒုက္ခသည်များကို ကယ်ဆယ်ခဲ့သော လစ်ဗျားနှင့် မော်လ်တာသို့ ပြန်လည်ခုတ်မောင်းသင့်သည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ဒုက္ခသည်များကို ခွဲဝေလက်ခံရန် အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက အီးယူနိုင်ငံများသို့ စာရေးတိုက်တွန်းခဲ့ပြီးနောက်တွင် အီတလီ၏ သဘောထားပြောင်းလဲသွားသည်။

“ပင်လယ်ပြင်မှာ ဒုက္ခသည်တွေကို ကယ်ဆယ်လာတဲ့အခါတိုင်း အီတလီကို ဦးဆုံးစဉ်းစားနေကြတဲ့ အခြေအနေမှာ ဒီဝတ္တရားကို ခွဲဝေယူကြဖို့ တောင်းဆိုပါတယ်”ဟု အီတလီဝန်ကြီးချုပ်က စာတွင် ရေးသားထားသည်။

ထို့နောက် ဒုက္ခသည် ၅၀ စီ ခွဲဝေလက်ခံကြရန် ပြင်သစ်နှင့် မော်လ်တာက စနေနေ့တွင်၊ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီတို့က တနင်္ဂနွေနေ့တွင် အသီးသီး ကတိပေးခဲ့ကြသည်။

သို့ရာတွင် ချက်နိုင်ငံနှင့် လစ်ဗျားနိုင်ငံတို့ကမူ ဒုက္ခသည်များကို လက်သင့်မခံနိုင်ကြောင်း ပြောဆိုကာ ငြင်းပယ်ခဲ့ကြသည်။

ဇွန်လအတွင်းကလည်း ဒုက္ခသည် ၆၃၀ ခန့် တင်ဆောင်လာသော Aquarius ကယ်ဆယ်ရေးသင်္ဘောသည် အီတလီနှင့် မော်လ်တာတို့က ငြင်းဆန်မှုကြောင့် နောက်ဆုံးတွင် စပိန်နိုင်ငံ ဗလင်စီယာဆိပ်ကမ်းသို့ ခုတ်မောင်းသွားခဲ့ရသည်။ ဒုက္ခသည် ၂၃၀ တင်ဆောင်ထားသော Lifeline ကယ်ဆယ်ရေးသင်္ဘောကိုမူ မော်လ်တာနိုင်ငံက ဆိုက်ကပ်ခွင့်ပြုခဲ့သည်။ 

ယင်းဖြစ်စဉ်နှစ်ခုစလုံးတွင် အီးယူနိုင်ငံများက ဒုက္ခသည်များကို ခွဲဝေလက်ခံရန် သဘောတူခဲ့သည်။ 

F-04


  • VIA