News

POST TYPE

FOREIGN AFFAIRS

မြိုင်ကြီးငူဒုက္ခသည်စခန်း ရိက္ခာပြတ်
16-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၅

ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်ရှိ မြိုင်ကြီးငူ ဒုက္ခသည်စခန်းတွင် ဇူလိုင်လ ၉ ရက်မှစ၍ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး မြို့နယ် ထွေ/အုပ်ထံ ဇူလိုင်လ ၇ ရက်ကတည်းက တင်ပြတောင်းခံထားသော်လည်း အကြောင်းမထူးသေးသောကြောင့် စားစရာအခက်အခဲဖြစ်နေကြောင်း စခန်းတာဝန်ခံများက ပြောကြားသည်။

အဆိုပါစခန်းတွင် စစ်ဘေးရှောင် ဒုက္ခသည် ၅၅၀၀ ကျော် ခိုလှုံနေပြီး တစ်ရက်လျှင် ဆန်အိတ် ၃၂ အိတ်ကုန်ကြောင်းနှင့် စားနပ်ရိက္ခာပြတ်လပ်သည်မှာ ၅ ရက်ခန့် ရှိပြီဖြစ်ကြောင်း စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်နော်တင်လှက ပြောကြားသည်။

“ထွေ/အုပ်ဆီ တင်ထားတာ ဖုန်းဆက်မေးတော့လည်း သူတို့လည်း အထက်ကို တင်ထားတယ်လို့ပဲ ပြောတယ်။ သူတို့ကိုလည်း အပြစ်မတင်ပါဘူး။ အဲ့လိုမျိုးတော့ ကြားထဲမှာ နည်းနည်းကြာတတ်ပါတယ်။ အခုဟာက အစိုးရဆီက မပို့နိုင်သေးတဲ့အခါ ကြားထဲမှာ အခက်အခဲဖြစ်သွားတာ”ဟု ၎င်းက ဆိုသည်။

အဆိုပါစခန်းအတွက် လက်ရှိတွင် နီးစပ်ရာပုဂ္ဂိုလ်များ၊ ကရင်အရပ်ဘက်အဖွဲ့ အစည်းများနှင့် ကရင်ပါတီများထံမှ အကူအညီတောင်းခံထားရပြီး ဇူလိုင်လ ၁၄ ရက်မှစ၍ အလှူရှင်များ လာရောက်လှူဒါန်းမှု ရှိသော်လည်း ရိက္ခာလိုအပ်ဆဲဖြစ်သည်။

“မနေ့ကစပြီး အလှူခံရတာပေါ့။ အကိုတို့လည်း နီးစပ်ရာက အလှူခံပြီး ပြန်လှူရတာပေါ့။ အခုထိတော့ ဆန်အိတ် တစ်ရာကျော်လောက်တော့ရှိမယ်။ ဒါကလည်း သုံးလေးရက်လောက်ပဲ ခံမှာလေ။ တခြားပစ္စည်းတွေလည်း လိုနေတုန်းပါပဲ”ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြင့်ထွေးက ဆိုသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် မဲသဝေါဒေသ၌ တပ်မတော်နှင့်နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ပူးပေါင်းအဖွဲ့နှင့် DKBA ခွဲထွက်အဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ စစ်ဘေးရှောင်ရာမှ ယင်းနှစ် စက်တင်ဘာလ ၁၀ ရက်မှစ၍ အဆိုပါစခန်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဝေလင်း


  • VIA