News

POST TYPE

FOREIGN AFFAIRS

ပျောက်ဆုံးနေသော စစ်ဘက်လေယာဉ်ကို အိန္ဒိယ အင်တိုက်အားတိုက် ရှာဖွေ
24-Jul-2016

နယူးဒေလီ၊ ဇူလိုင် ၂၃

လူနှစ်ဆယ်ကျော် လိုက်ပါလာသော အိန္ဒိယ စစ်ဘက်လေယာဉ် တစ်စင်းသည်  ဘင်္ဂလားပင်လယ်အော်ပေါ်တွင် ပျောက်ဆုံးနေသည်ဟု အိန္ဒိယလေတပ်က အတည်ပြု ပြောကြားကြောင်း BBC သတင်းတွင်  ဖော်ပြထားသည်။

အန်တိုနော့ဗ် ၃၂ အမျိုးအစား ပို့ဆောင်ရေးလေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၀၈း ၃၀ တွင် ချန်နိုင်း (မဒရပ်စ်) မှ အရှေ့ဘက် အန်ဒါမန်နှင့် နီကိုဘားကျွန်းစုများရှိ ပို့ဘလဲသို့ ဦးတည်ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး နံနက် ၁၁ နာရီ ၃၀ အချိန်တွင် ဆင်းသက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ပျောက်ဆုံးလေယာဉ်ကို ရှာဖွေရန်အတွက် လေယာဉ်လေးစင်း၊ သင်္ဘော ၁၂ စင်းနှင့် ရေငုတ်သင်္ဘော တစ်စင်းတို့ကို ဖြန့်ကြက်ထားသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

အန်တိုနော့်ဗ် ၃၂ အမျိုးအစား လေယာဉ်စင်းရေ ၁၀၀ ကျော် လက်ရှိအသုံးပြုနေသည့် အိန္ဒိယလေတပ်သည် ဘေးကင်းလုံခြုံမှုစံချိန် သိသိသာသာ လျော့ကျနေပြီး လေတပ်လေယာဉ်အုပ်၏  အဓိကကျောရိုး ဖြစ်သော ရုရှားလုပ်လေယာဉ်များသည် မတော်တဆဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။

အဆိုပါ ပျောက်ဆုံးလေယာဉ်သည် မလက္ကာ ရေလက်ကြားအနီး အိန္ဒိယစစ် အခြေစိုက်စခန်း တည်ရှိသော မဟာဗျူဟာမြောက် ကျွန်းစုများမှ တာဝန်ကျ အရာရှိများကို တင်ဆောင်ပျံသန်းသွားခြင်း ဖြစ်သည်ဟု ရေတပ်ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

ကာကွယ်ရေး ဝန်ကြီးဌာနသည် ပျောက်ဆုံးလေယာဉ် ရှာဖွေရေးအတွက် မူလက လေယာဉ်နှစ်စင်းနှင့် သင်္ဘောလေးစင်းကို အသုံးပြုခဲ့ပြီး ယခုအခါ နောက်ထပ် လေယာဉ်နှစ်စင်း၊ သင်္ဘောရှစ်စင်းနှင့် ရေငုတ်သင်္ဘောတစ်စင်း ထပ်မံဖြန့်ကြက်ကာ အင်တိုက်အားတိုက် ရှာဖွေနေသည်။