News

POST TYPE

FOREIGN AFFAIRS

ထိုင်းကလေးများ ကယ်ဆယ်ရေးတွင် သူထွင်ပေးသည့် ရေငုပ်သင်္ဘောငယ်ကို မသုံးသည့်ကိစ္စ အယ်လွန်မက်စ် တုံ့ပြန်


ဝါရှင်တန်၊ ဇူလိုင် ၁၁

ထိုင်းနိုင်ငံရှိ ထန်လွမ်ဂူကွန်ရက်အတွင်း ပိတ်မိနေသော ကျောင်းသားလေး ၁၂ ဦးနှင့် နည်းပြဖြစ်သူကို ကယ်ဆယ်ရန် သူတီထွင်ပေးလိုက်သော ကလေးအရွယ် ထည့်သယ်နိုင်သည့် ရေငုပ်သင်္ဘောငယ်ကို အသုံးမပြုခဲ့သည့်အပြင် အသုံးမတည့်ဟု မှတ်ချက်ပေးခံရမှုအပေါ် နည်းပညာရှင် ဘီလျံနာသူဌေးကြီး အယ်လွန်မက်စ်က တုံ့ပြန်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြသည်။

ပိတ်မိနေသော တောဝက်ဘောလုံးအသင်းမှ အဖွဲ့သားအားလုံးကို ကယ်ထုတ်နိုင်ပြီဖြစ်သော်လည်း ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူရသော ချင်းရိုင်အုပ်ချုပ်ရေးမှူး နရောင်ဆက်အော့ ဆိုတာနာကွန်း၏ ကွပ်ကဲမှုကို မက်စ်က ဝေဖန်ခဲ့သည်။

ပုဂ္ဂလိက အာကာသဒုံးပျံများ ထုတ်လုပ်သည့်ကုမ္ပဏီ SpaceX ၏ စီအီးအိုဖြစ်သလို လျှပ်စစ်ကားများ ထုတ်လုပ်သည့် Tesla ၏ စီအီးအိုလည်းဖြစ်သည့် မက်စ်က်က follower သန်း ၂၀ ကျော်ရှိသော သူ၏ တွစ်တာအကောင့်တွင် သူ့အကြံဉာဏ်ဖြင့် ဖန်တီးထားသော ရေငုပ်သင်္ဘောငယ်အကြောင်း ရေးသားခဲ့ရာ လူအများစိတ်ဝင်စားစရာ ဖြစ်ခဲ့ရသည်။

ယင်းရေငုပ်သင်္ဘောငယ်တွင် အောက်ဆီဂျင်အရည် အသုံးပြုပြီး ရေငုပ်သမားနှစ်ယောက် အလွယ်တကူ သယ်ယူနိုင်လောက်အောင် ပေါ့ပါးသလို ကျဉ်းမြောင်းသည့် လမ်းကြောင်းများတွင်ပါ သယ်ယူရလွယ်ကူသည်ဟု မက်စ်က ရေးသားခဲ့သည်။

မက်စ်သည် ကယ်ဆယ်ရေးအဖွဲ့က လိုအပ်လျှင် သုံးနိုင်ရန်ဟုဆိုကာ တနင်္လာနေ့က သမ်လွမ်ဂူအထိ သူဖန်တီးထားသော ရေငုပ်သင်္ဘောငယ်ကို အရောက်ပို့ပေးခဲ့သည်။

သို့သော်လည်း သုံးရက်ကြာကယ်ဆယ်ရေးအတွင်း ရေငုပ်သင်္ဘောငယ်ကို လုံးဝအသုံးမပြုခဲ့ပေ။ 

“ဂူထဲကိုဝင်ဖို့ ကျွန်တော်တို့ မစ်ရှင်မှာ ဒါက မသင့်တော်ပါဘူး”ဟု ကယ်ဆယ်ရေး လုပ်ငန်းအကြီးအကဲ နရောင်ဆက်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားခဲ့မှုအပေါ် တုံ့ပြန်သည့်အနေနှင့် မက်စ်က ကလေးများကို ပထမဆုံးစတွေ့ခဲ့သော ဗြိတိန်ရေငုပ်သမားနှစ်ဦးအနက်မှ တစ်ဦးဖြစ်သော ရစ်ချတ်စတန်တွန်နှင့် အပြန်အလှန် အီးမေးလ် စာပေးစာယူလုပ်ထားသည့် မှတ်တမ်းကို တွစ်တာတွင် ဖော်ပြခဲ့သည်။

ယင်းစာများထဲတွင် စတန်တွန်က ရေငုပ်သင်္ဘောဖန်တီးမှုကို ဆက်လုပ်ရန် တိုက်တွန်းထားခဲ့သည်။

“အသေးဆုံးကောင်လေးအတွက် ကျုပ်တို့စိတ်ပူမိတယ်။ ဒီပြွန်သေတ္တာ (ရေငုပ်သင်္ဘောလေး) ကို သေချာဆက်လုပ်ပေးထားပါ”ဟု စတန်တွန်က အီးမေးလ်ပေးပို့ခဲ့သည်။

“အဆင်ပြေတယ်ဆို ဆက်လုပ်သွားမယ်။ အစိတ်အပိုင်းတွေ ဆင်နေတုန်းပဲ။ ပြီးရင် ရေအောက်ထဲမှာ နာရီအတန်အကြာ စမ်းသပ်ဦးမှာ။ လုပ်ငန်းမူဝါဒက အာကာသယာဉ် တည်ဆောက်သလိုပဲ၊ အမှားအယွင်း နှစ်ခုလောက် ကြုံရင်တောင် အသက်မဆုံးရှုံးအောင်ဖန်တီးမှာ”ဟု မက်စ်ကအား တက်သရော ပြန်စာအီးမေးလ် ပေးပို့ခဲ့သည်။

သို့သော်လည်း သူ့ရေငုပ်သင်္ဘောငယ်ကို အသုံးမပြုခဲ့သည့်အပြင် အသုံးမတည့်ဟု ကယ်ဆယ်ရေးအကြီးအကဲ ချင်းရိုင်အုပ်ချုပ်ရေးမှူးက မှတ်ချက်ပေးခဲ့ရာ မက်စ်က မကျေမနပ်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ 

ချင်းရိုင်အုပ်ချုပ်ရေးမှူး နရောင်ဆက်ကို ကယ်ဆယ်ရေးအကြီးအကဲဟု မှားယွင်းဖော်ပြနေကြကြောင်း၊ နရောင်ဆက်သည် ရေငုပ်ကယ်ဆယ်ရေး ကျွမ်းကျင်သူမဟုတ်ကြောင်း၊ တကယ်တမ်း ပူးတွဲဦးဆောင်သူမှာ ဗြိတိန်ရေငုပ်သမား စတန်တွန်သာဖြစ်ပြီး သူနှင့် စတန်တွန်တို့ စာပေးစာယူ အဆက်အသွယ်အရ အကူအညီတောင်းသဖြင့် ဖန်တီးပေးခဲ့ခြင်းသာဖြစ်ကြောင်း မက်စ်က ရှင်းလင်းခဲ့သည်။ 

F-03