News

POST TYPE

FOREIGN AFFAIRS

ဂျပန်နိုင်ငံရေကြီး၊ မြေပြိုမှုများတွင် သေဆုံးသူ ၁၄၁ ဦးအထိမြင့်တက်
11-Jul-2018 tagged as ဂျပန် ရေကြီး



တိုကျို၊ ဇူလိုင် ၁၀

ဂျပန်နိုင်ငံအနှံ့တွင် မကြုံစဖူး မိုးသည်းထန်မှုများကြောင့် ရေကြီး၊ မြေပြိုမှုများ အင်္ဂါနေ့က ပိုဆိုးလာခဲ့ပြီး သေဆုံးသူအရေအတွက် ၁၄၁ ဦးအထိရှိလာကာ အသက်ရှင်သူများကို ရှာတွေ့နိုင်မည့် မျှော်လင့်ချက် မှေးမှိန်နေပြီဟု AFP သတင်းတွင် ဖော်ပြထားသည်။

အရေအတွက် ဒါဇင်နှင့်ချီသောလူများ ပျောက်ဆုံးနေဆဲဖြစ်ပြီး တနင်္လာနေ့က မိုးစဲသွားမှုကြောင့် ယခင်ရက်ကလက်လှမ်း မမီသောနေရာများသို့ ကယ်ဆယ်ရေးလုပ်သားများ ဝင်ရောက်နိုင်ပြီဖြစ်သည်။

သေဆုံးသူအရေအတွက် များပြားမှုကြောင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ပြည်ပလေးနိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး သဘာဝဘေးဒဏ်သင့် ဒေသများသို့ ယခုသီတင်းပတ်အတွင်း သွားရောက်ကြည့်ရှုရန် စီစဉ်ထားသည်။

ဂျပန်နိုင်ငံ အနှံ့အပြားအသွင်အပြင် ပြောင်းလဲသွားစေသော ရေကြီး၊ မြေပြိုသည့်နေရာများသို့ အရေးပေါ် ကယ်ဆယ် ရေးလုပ်သား ၇၀,၀၀၀ ကျော်ကို စေလွှတ်ဖြန့်ကြက်ထားသည်။

သို့ရာတွင် မိုးစတင်ရွာသွန်းပြီး နောက်လေးရက်ရှိလာချိန်တွင် နောက်ထပ်အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့ရန် မျှော်လင့်ချက်များ မှေးမှိန်နေပြီဖြစ်သည်။ ရက်ရှည်လာသည့်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့ရန် အလားအလာပါးလျလာသည်ကို ကယ်ဆယ်ရေးလုပ်သားများနှင့် စစ်သားများက သိရှိနေကြပြီဖြစ်သည်။

ပြီးခဲ့သောသီတင်းပတ်ကုန်ရက်တွင် မြစ်ရေတစ်မီတာခန့် မြင့်တက်မှုကြောင့် ကမ်းပါးပြိုသွားကာ ကျေးရွာများကို ရေစီးက ဝါးမျိုသွားခြင်းကြောင့် အိမ်ခေါင်မိုးများပေါ်တွင် ရေဘေးရှောင်နေရသူများကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့ရသည်။ ထို့ပြင် ရေစီးအားကြောင့် တောင်စောင်းများတွင် မြေပြိုများဖြစ်ပွားကာ အိမ်များ၊ ကားလမ်းများကို ဖုံးအုပ်သွားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ရဲ၊ မီးသတ်နှင့် စစ်သား ၇၃,၀၀၀ ခန့်နှင့် ရဟတ်ယာဉ် ၇၀၀ ကို ဖြန့်ကြက်ထားသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှီဟိုက်ဒီဆူဂက ပြောကြားသည်။

ကယ်ဆယ်ရေးလုပ်သားများသည် ကြေမွပျက်စီးနေသောကားများ၊ အိမ်များကို ဖြတ်တောက်ဖယ်ရှားရှင်းလင်းရာတွင် အသက်ရှင်ကျန်ရစ်သူများကို တွေ့လိုတွေ့ငြားဖြင့် ဂရုတစိုက်လုပ်ဆောင်နေကြရသည်ဟု သိရှိရသည်။ 

“အခုအချိန်အထိ ရဟတ်ယာဉ်ပေါ်က မြင်ရသမျှကတော့ အကူအညီတောင်းဖို့ လက်ပြနေတဲ့သူတစ်ဦးမှ မတွေ့ရပါဘူး” ဟု ကူရာရှီကီမြို့မှ ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ပြောကြားသည်။

ယခုအခါ မိုးစဲသွားပြီဖြစ်သော်လည်း တောင်စောင်းများတွင် မြေပြိုမည့် အန္တရာယ်ရှိနေသေးသည်ဟု အာဏာပိုင်များက သတိပေးထားသည်။

အချို့ပြည်သူများမှာ ရေဘေးရှောင်စခန်းများတွင် အထုတ်အပိုးများဖြင့် တိမ်းရှောင်နေကြသော်လည်း အချို့မှာမူ လျှပ်စစ်မီးနှင့် ရေမရှိသောနေအိမ်ပျက်များအတွင်း ဆက်လက်နေထိုင်လျက်ရှိသည်။

လူပေါင်းငါးသန်းခန့်ကိုနေအိမ်များမှ ထွက်ခွာကြရန် ညွှန်ကြားထားသော်လည်း မလုပ်မနေရအမိန့် မဟုတ်သောကြောင့် အချို့မှာနေအိမ်များအတွင်းဆက်လက် နေထိုင်နေကြရာ ရုတ်တရက် ရေကြီး၊ မြေပြိုမှုများဖြစ်လာပါက ပိတ်မိသွားနိုင်သည်ဟုဆိုသည်။

F-04