News

POST TYPE

FOREIGN AFFAIRS

လန်ဒန်တွင် LGBT အသိုင်းအဝိုင်း၏ ဟန်ရေးပြချီတက်ပွဲအခမ်းအနားသို့ လူတစ်သန်းခန့် တက်ရောက်
10-Jul-2018 tagged as လန်ဒန်မြို့ LGBT



လန်ဒန် ဇူလိုင် ၉

လန်ဒန်တွင် နှစ်စဉ်ကျင်းပသော LGBT အသိုင်းအဝိုင်း၏ Pride ဟန်ရေးပြချီတက်ပွဲ အခမ်းအနားသို့လူ တစ်သန်းခန့် တက်ရောက်အားပေးခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ် ပွဲတော်တွင် တော်ဝင်မရိန်းတပ်မှ တပ်ခွဲတစ်ခု ပထမဆုံးအကြိမ် ပါဝင်ချီတက်ခဲ့သည်။

သက်တန့်ရောင်စဉ် တူညီဝတ်စုံများ ဆင်မြန်းထားကြသော ပွဲတော်လာသူများသည် စနေနေ့က လန်ဒန်မြို့လယ်တွင် စုဝေးခဲ့ကြပြီး ဟန်ရေးပြချီတက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ပါဝင်ဆင်နွှဲသူများထဲတွင် လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းလည်းပါဝင်ခဲ့ပြီး ၎င်းက “ဒါကလန်ဒန်ပါ။ ခင်ဗျားဘယ်လိုဖြစ်ချင်သလဲ၊ ဘယ်သူ့ကိုချစ်ချင်သလဲ၊ လွတ်လပ်ခွင့်ရှိတဲ့နေရာပါ” ဟု twitter တွင် ပြောဆိုထားသည်။

၁၉၇၂ ကတည်းက ပထမဆုံးကျင်းပခဲ့သော ပွဲတော်အခမ်းအနားသည် LGBT အသိုင်းအဝိုင်း၏ တန်းတူညီမျှရေး၊ ကွဲပြားစုံလင်ရေးနှင့် ရပိုင်ခွင့်များကို ထောက်ခံအားပေးခြင်းဖြစ်သည်။

ရီးဂျင့်လမ်းမှ ထရာဖယ်လ်ဂါရင်ပြင်အထိ ရှည်လျားသော လမ်းတစ်လျှောက်တွင် အဖွဲ့အစည်းပေါင်း ၄၇၀ ကျော်မှ လူပေါင်း ၃၀,၀၀၀ ခန့် အပါအဝင် ပရိသတ်တစ်သန်းခန့်က လမ်းဘေးဝဲယာတွင် စီတန်းစောင့်ဆိုင်းကာ ချီတက်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။

Pride ချီတက်ပွဲဒါရိုက်တာ ခရစ္စတိုဖာဂျိုအယ်ဒက်စ်ရှီးလ်ကယခုနှစ်ပွဲတော်သည် ယခင်ကထက် ပိုမိုစုံလင်သည်ဟု ပြောကြားသည်။

ယခုနှစ်ပွဲတော်တွင် တော်ဝင်မရိန်းဘင်ခရာတီးဝိုင်းက ဦးဆောင်သော ဝတ်စုံပြည့် မရင်းတပ်ဖွဲ့ဝင်များ ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲခြင်းအဖြစ် မှတ်တမ်းဝင်သည်။ ထို့ပြင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် အင်္ဂလန်ကဆွီဒင်ကို အနိုင်ရခြင်းနှင့်လည်း တိုက်ဆိုင်နေသောကြောင့် လမ်းများပေါ်တွင် ရွှင်မြူးသည့်အငွေ့အသက်များ လွှမ်းခြုံနေသည်။

LGBT အသိုင်းအဝိုင်း၏ Pride ဟန်ရေးပြချီတက်ပွဲအခမ်းအနားများကို မက်ဒရစ်၊ ကိုလုံးနှင့် ဘူဒါပက်စ်အပါအဝင် ဥရောပမြို့ကြီးများ၌လည်း သီတင်းပတ်ကုန်ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။

F-04