News

POST TYPE

FOREIGN AFFAIRS

ဂျပန်နိုင်ငံတွင် စံချိန်တင် မိုးရွာသွန်းမှုများကြောင့် ရေကြီးကာ အန္တရာယ်အလွန်ကြီးမား
10-Jul-2018



တိုကျို ဇူလိုင် ၉

အခြေအနေဆိုးသောရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်နေသော ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသများတွင် နောက်ထပ်မိုးရွာသွန်းမှုများ ပိုများလာမည်ဟု မျှော်လင့်ရသောကြောင့် မကြုံစဖူး အန္တရာယ်များကို ရင်ဆိုင်နေရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

“ဒီလိုမျိုး သည်းသည်းမဲမဲ မိုးရွာသွန်းတာမျိုးကို တစ်ခါမှမကြုံခဲ့ဖူးဘူး” ဟု မိုးလေဝသဌာန တာဝန်ရှိသူက ပြောကြားသည်။

ဂျပန်နိုင်ငံတွင် သမိုင်းတွင် မကြုံဖူးသော စံချိန်တင်မိုးရွာသွန်းမှုများကြောင့် ဟီရိုရှီးမားနှင့် အခြားဒေသများတွင် မြစ်ကမ်းပါးတာဘောင်များ ကျိုးပေါက်သွားခဲ့ပြီးနောက် ရေကြီး၊ မြေပြိုမှုဖြစ်ပွားကာ လူပေါင်း ၆၀ ကျော် သေဆုံးပြီး အရေအတွက် ဒါဇင်နှင့်ချီ၍ ပျောက်ဆုံးလျက်ရှိသည်။

ဒေသခံပြည်သူ နှစ်သန်းခန့်ကို နေအိမ်များမှ ထွက်ခွာကြရန် အာဏာပိုင်များက ညွှန်ကြားထားသည်။ ကယ်ဆယ်ရေးလုပ်သားများသည် အချိန်နှင့် ပြိုင်၍ လုပ်ကိုင်နေကြရသည်ဟု ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောကြားသည်။

“ပျောက်ဆုံးနေသူတွေ၊ အကူအညီလိုအပ်နေသူတွေ ရှိနေတုန်းပဲ” ဟု ဝန်ကြီးချုပ်က သတင်းထောက်များအား တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ကြာသပတေးနေ့ နောက်ပိုင်းရက်များအတွင်း ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ပုံမှန် ဇူလိုင်လ မိုးရွာသွန်းမှု ပမာဏထက် သုံးဆပိုမိုရွာသွန်းခဲ့ပြီးနောက် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များအတွင်း သေဆုံးမှုများသည် ဟီရိုရှီးမားစီရင်စုတွင် အများဆုံးဖြစ်ပွားခဲ့သည်။ ရှီကိုးကူးကျွန်းရှိ မိုတိုယာမမြို့တွင် သောကြာနေ့နံနက်မှ စနေနေ့နံနက်အတွင်း မိုးရေချိန် ၂၃ လက်မ ရွာသွန်းခဲ့သည်။

အချို့ဒေသများတွင် တနင်္လာနေ့အထိ မိုးရေချိန် ၁၀ လက်မကျော် ရွာသွန်းဦးမည်ဟု ခန့်မှန်းရသောကြောင့် သဘာဝဘေးအန္တရာယ် သတိပေးချက်များကို ဆက်လက်ထုတ်ပြန်နေရသည်။

“အလွန့်အလွန် အန္တရာယ်ကြီးမားတဲ့ အခြေအနေပါပဲဗျာ” ဟု ဂျပန် မိုးလေဝသဌာန တာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

F-04