News

POST TYPE

FOREIGN AFFAIRS

ဂူထဲပိတ်နေသော ကလေးငယ်များအနက် တစ်ဦးကို ထပ်မံကယ်တင်၊ ဖတ်ခပေါင်းစားလိုသည်ဟု လွတ်မြောက်ကလေးငယ်များ တောင်းဆို
09-Jul-2018 tagged as


ချင်းရိုင်-ဘန်ကောက်၊ ဇူလိုင် ၉

ဂူကွန်ရက်အတွင်း ပိတ်မိနေသော ကလေးငယ်လေးဦးကို ယမန်နေ့ (တနင်္ဂနွေ) က ပထမဆုံးအဖြစ် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တနင်္လာနေ့ နေ့လယ်ပိုင်းက နောက်ထပ် ကလေးငယ်တစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို CNN သတင်းဌာနက ကိုးကားဖော်ပြသည်။

၎င်းတို့၏ အဆိုအရ ငါးယောက်မြောက်အဖြစ် ကယ်ထုတ်ခြင်းခံရသော ကလေးငယ်ကို ကျန်းမာရေး အာဏာပိုင်များက အရေးပေါ် သူနာပြုယာဉ်ပေါ် တင်ဆောင်သွားကြကြောင်း သိရသည်။

ယခုကလေးငယ်ကိုလည်း ယမန်နေ့က ကယ်ထုတ်ခဲ့သည့် နည်းလမ်းအတိုင်း ထိုင်းပြည်တွင်းနှင့် ပြည်ပ ရေငုပ်ကျွမ်းကျင်သူများက ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။ သို့အတွက်ကြောင့် ဂူကွန်ရက်အတွင်း၌ ကလေးငယ် ရှစ်ဦးနှင့် ၎င်းတို့၏ ဘောလုံး နည်းပြတစ်ဦး (စုစုပေါင်း ၉ ဦး)ကျန်နေသည်။

ဘန်ကောက်ပို့စ်သတင်းစာက ကျန်းမာရေး အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားဖော်ပြရာတွင် ဂူတွင်းမှ ယမန်နေ့က လွတ်မြောက်လာခဲ့သော ကလေးငယ်လေးဦး၏ ကျန်းမာရေးမှာ တည်ငြိမ်ကောင်းမွန်မှု ရှိသည်ဟုဆိုသည်။ သို့သော် ယခုနောက်ဆုံး ငါးယောက်မြောက်အဖြစ် ကယ်ထုတ်ခံရသော ကလေးငယ်၏ အခြေအနေကို ဖော်ပြခြင်းမရှိပေ။

Wild Boars ဟု အမည်ရသည့် လူငယ်ဘောလုံးအသင်းမှ အဆိုပါ ကလေးငယ်များနှင့် နည်းပြဖြစ်သူတို့သည် ၁၀ ရက်ခန့် ပျောက်ဆုံးနေခဲ့ရာမှ ပြီးခဲ့သည့် တနင်္လာနေ့က ၎င်းတို့ကို ရေငုပ်သမားများက ရှာဖွေတွေ့ရှိခဲ့ကြသည်။

ရက်သတ္တတစ်ပတ်အတွင်း ၎င်းတို့ကို အကောင်းဆုံး ကယ်ထုတ်နိုင်မည့် နည်းလမ်း အမျိုးမျိုးကို ထိုင်းပြည်တွင်းနှင့် ပြည်ပ ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများက ရှာဖွေခဲ့ကြသည်။

ယမန်နေ့ (တနင်္ဂနွေနေ့) တွင်မူ ရာသီဥတု ကောင်းမွန်ပြီး မိုးအနည်းငယ်သာ ရွာသွန်ခြင်းကြောင့် ကလေးငယ်လေးဦးကို ရေငုပ်သမားများက ပထမဆုံး ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကလေးငယ်များ ပိတ်မိနေသည့် ဂူအတွင်းမှ ရေဂါလန်သန်းပေါင်းများစွာကိုလည်း ကယ်ဆယ်ရေး အဖွဲ့ဝင်များက ရေစုပ်စက်ဖြင့် စုပ်ထုတ်လျက်ရှိသည်ကို တွေ့ရသည်။

သို့သော် ထိုင်းနိုင်ငံ၏ မုတ်သုံရာသီ မိုးဥတုတွင် ရွာသွန်းသောမိုးများက အချိန်ပိုင်းအတွင်း အဆိုပါဂူထဲတွင် ရေများ ပြန်လည် ပြည့်လျှံလာအောင် ဖန်တီးနိုင်သည့် အနေအထားတွင်ရှိသည်ဟု ကယ်ဆယ်ရေး ဝန်ထမ်းများက စိုးရိမ်တကြီး ပြောဆိုထားသည်။

ယမန်နေ့က ကယ်ထုတ်ခံခဲ့ရသော ကလေးငယ်များကို ချင်းရိုင်ရှိ ဆေးရုံတွင် သီးခြားစီ ထားရှိထားကြောင်း၊ ယခုအခါ ၎င်းတို့က အစားအစာ စားလိုသည်ဟု ပြောဆိုလျက်ရှိကြောင်း၊ အထူးသဖြင့် ဖတ်ခပေါင်းဟု အမည်ရပြီး အမဲသား၊ ပင်စိမ်း၊ ငရုတ်သီး စသည်တို့ကို တောက်တောက်စဉ်းကာ ကြော်ထားသည့် ဟင်းလျာစားလိုသည်ဟု တောင်းဆိုခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးမစ်ရှင်၏ တပ်မှူး နာရောင်ဆန်အိုဆာနာကွန်းက ပြောကြားသည်။

၎င်းတို့သည် ဂူအတွင်း၌ ကိုးရက် သို့မဟုတ် ၁၀ ရက်ခန့် အစာမစားရဘဲ နေခဲ့ရသောကြောင့် ကျန်းမာရေး ချို့ယွင်းသွားမည်ကို အာဏာပိုင်များက စိုးရိမ်ခဲ့ကြသည်။

F-01

  • TAGS