News

POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယားအပေါ် ထရမ့်၏လိုက်လျောမှုကြောင့် မဟာမိတ်များ လုံခြုံရေးအပေါ် စိုးရိမ်မှုမြင့်တက်
14-Jun-2018

 

ဆိုးလ်-ဝါရှင်တန်၊ ဇွန် ၁၃

ယမန်နေ့က စင်ကာပူတွင် ကျင်းပပြုလုပ်သွားသော ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကို တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းနှင့်အတူ သူ၏အစိုးရက ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြသော်လည်း တောင်ကိုရီးယားနိုင်ငံသားအများစုကမူ နိုင်ငံလုံခြုံရေး အာမခံချက်များ လျော့ပါးသွားသည့်ကိစ္စအတွက် စိုးရိမ်လျက်ရှိကြောင်း၊ သို့သော် အမေရိကန်ပင်တဂွန်က မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးအတွက် ဆက်လက်အကာအကွယ်ပေးထားသည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း သတင်းဌာနများ၏ ရေးသားဖော်ပြချက်အရသိရသည်။ 

ထိပ်သီးဆွေးနွေးပွဲအပြီးတွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ယင်းကိစ္စသည် သမိုင်းဝင်ဖြစ်ရပ်တစ်ခုအဖြစ် စစ်အေးခေတ်၏ နောက်ဆုံးကျန်ရစ်သော အပိုင်းတစ်ခုကို ဖြိုဖျက်ပစ်လိုက်ရကြောင်း ပြောကြားသည်။ 

ထိပ်သီးဆွေးနွေးပွဲသည် တောင်ကိုရီးယားနိုင်ငံတွင် ပျော်ရွှင်မှုများ၊ စိတ်လှုပ်ရှားမှုများသာမက စိုးရိမ်ပူပန်မှုများကိုပါ ဖြစ်ပေါ်စေခဲ့သည်။ 

မွန်ဂျေအင်းကမူ ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ သတ္တိနှင့် ဆုံးဖြတ်ချက်ချမှတ်နိုင်မှုတို့ကို ချီးမွမ်းလိုက်သလို အပြောင်းအလဲဖြစ်ရန် ရဲရင့်ပြတ်သားသော ခြေတစ်လှမ်းအဖြစ် သတ်မှတ်ဖော်ပြသည်။ 

ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ ပြုလုပ်နေသောစစ်ရေးလေ့ကျင့်မှုများ (၎င်းတို့အခေါ် စစ်ပွဲဂိမ်းများ) ကို ဖျက်သိမ်းလိုက်သည်။ ယင်းသို့ဖျက်သိမ်းပေးလိုက်မှုသည် မြောက်ကိုရီးယားအပေါ် အမေရိကန်၏ ကြီးမားသောလိုက်လျောမှုအဖြစ် ရှုမြင်ခံရသလို အာရှဒေသတွင်း အမေရိကန်မဟာမိတ်တို့အတွက် လုံခြုံရေးလျော့ပါးမှုအဖြစ်လည်း သတ်မှတ်နိုင်သည်။ 

တောင်ကိုရီးယားနိုင်ငံတွင်မူ ကွန်ဆာဗေးတစ်များက ယခုဖြစ်ရပ်သည် အမေရိကန်နှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လျော့ကျလာအောင် ဖန်တီးလိုက်ရာရောက်သည်ဟု ဝေဖန်သည်။ တောင်ကိုရီးယား လစ်ဘာတီပါတီဥက္ကဋ္ဌ ဟောင်ဂျွန်ပိုးက “တောင်ကိုရီးယား၏ အမျိုးသားလုံခြုံရေးသည် ဘေးကျပ်နံကျပ် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်” ဟု Twitter စာမျက်နှာတွင် ရေးသားဖော်ပြသည်။ 

ပြုံယမ်းကွန်မြူနစ်အစိုးရက နျူကလီးယားလက်နက်များ ဖျက်သိမ်းမည်ဟု သဘောတူညီလိုက်သည့်ကိစ္စကိုကြည့်မည်ဆိုလျှင်လည်း တရုတ်နိုင်ငံ၏ နောက်ကွယ်မှ ကြီးမားသောအခန်းကဏ္ဍအပေါ် သင်္ကာမကင်းဖြစ်စရာရှိနေသည်။ 

ထိုင်ဝမ်အခြေစိုက် National Chengchi တက္ကသိုလ်၊ နိုင်ငံတကာရေးရာ သိပ္ပံမှ ပါမောက္ခဖြစ်သူချန်းရှန်ယန်က ယခုကိစ္စတွင် တရုတ်နိုင်ငံသည် မြောက်ကိုရီးယားအတွက် အာမခံချက် ပေးထားဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုသွားသည်။ 

“တကယ်လို့ အမေရိကန်သာစိတ် ပြောင်းသွားမယ်ဆိုရင် တရုတ်ကမြောက်ကိုရီးယားကို တိတ်တဆိတ်ကူညီသွားလိမ့်မယ်၊ စစ်ရေးအရ ဒါမှမဟုတ် လုံခြုံရေး အာမခံချက်စတာတွေနဲ့ ကူညီမှာ။ ခုလိုဘာကြောင့် ပြောလိုရသလဲဆိုတော့ တရုတ်အစိုးရက ကတိကဝတ်ပေးထားလို့သာ စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ ကင်ဂျုံအန်းဟာ မိမိကိုယ်ကိုယ် မိမိယုံကြည်မှုအပြည့် ရှိတဲ့ပုံစံပေါက်နေတာ” ဟု ၎င်းက သုံးသပ်သွားသည်။ 

အဆိုပါမဟာမိတ်များ၏ လုံခြုံရေးနှင့်ပတ်သက်၍ အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူမစ္စဒါနာဝှိုက်က “ကျွန်မတို့ရဲ့မဟာမိတ်တွေကို သံမဏိချပ်ဝတ်တန်ဆာတွေနဲ့ ဆက်လက် ကာကွယ်ပေးထားဆဲပါပဲ၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိအောင်လည်း အခိုင်အမာ အာမခံချက်ပေးထားဆဲပါ” ဟု ပြောကြားသည်။ 

အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားနိုင်ငံက ကျူးကျော်တိုက်ခိုက်ရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်သော်လည်း တောင်ကိုရီးယားအစိုးရက ကာကွယ်ရေးဟူသော ဦးတည်ချက်တစ်ခုတည်းအတွက်သာ ဖြစ်သည်ဟု ထပ်ခါတလဲလဲ အသိပေးခဲ့သည်။

F-01