News

POST TYPE

FOREIGN AFFAIRS

ထရမ့်နှင့် ကင်ဂျုံအန်းတို့ ဝါရှင်တန်နှင့် ပြုံယမ်းသို့ လာရောက်ကြရန် အပြန်အလှန်ဖိတ်ကြား၊ နှစ်ဦးစလုံး လက်ခံသဘောတူ


ဆိုးလ်-ဝါရှင်တန်၊ ဇွန် ၁၃ 

ဇွန်လ ၁၂ ရက်နေ့က သမိုင်းဝင်ကျင်းပဖြစ်ခဲ့သည့် စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် ကင်ဂျုံအန်းက ဒေါ်နယ်ထရမ့်ကို မြောက်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ဒေါ်နယ်ထရမ့်ကလည်း အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် ကင်ဂျုံအန်းကို ဖိတ်ကြားခဲ့ကြောင်းနှင့် အဆိုပါဖိတ်ကြားမှုများကို နှစ်ဦးစလုံးက အပြန်အလှန်လက်ခံလိုက်ကြပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ၏ ရေးသားဖော်ပြချက်အရ သိရသည်။ 

နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြရာတွင် စင်ကာပူထိပ်သီးဆွေးနွေးပွဲကြီးသည် စစ်အေးခေတ်ကတည်းက ဆိုးရွားလှသည့် ဆက်ဆံရေးရှိခဲ့သော ရန်သူနိုင်ငံနှစ်နိုင်ငံအကြား အခြေခံကျလွန်းသည့် ကူးပြောင်းမှုတစ်ရပ်စတင်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။ 

စင်ကာပူ၌ အင်္ဂါနေ့က ကျင်းပခဲ့သော ထိပ်သီးဆွေးနွေးပွဲသည် ကမ္ဘာပေါ်တွင် အင်အားကြီးဒီမိုကရေစီနိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူနှင့် ကွန်မြူနစ်အာဏာရှင်စနစ်၏ တတိယမျိုးဆက်ခေါင်းဆောင်တို့ လက်ဆွဲနှုတ်ဆက်ကြသည့် သမိုင်းဝင်တွေ့ဆုံပွဲအဖြစ် နိုင်ငံတကာမီဒီယာများက သတ်မှတ်ဖော်ပြခဲ့ကြသည်။ 

KCNA အပါအဝင် အခြားသတင်းဌာနများအဆိုအရ ခေါင်းဆောင်နှစ်ဦးဖြစ်သော ထရမ့်နှင့် ကင်ဂျုံအန်းတို့သည် ၎င်းတို့၏ နိုင်ငံများသို့ လာရောက်လည်ပတ်ရန် အပြန်အလှန် ဖိတ်ကြားခဲ့ကြသည်။ 

“ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ကြီးနှစ်ဦးသည် ၎င်းတို့နိုင်ငံများသို့ လာရောက်လည်ပတ်ကြရန် ကိုယ်စီဖိတ်ကြားခဲ့ပြီး တစ်ဦး၏ဖိတ်ကြားမှုကို တစ်ဦးက ကြည်နူးစွာ လက်ခံခဲ့ကြပေသည်” ဟု KCNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဒေါ်နယ်ထရမ့်ကမူ သင့်တင့်လျောက်ပတ်သည့် အချိန်ကာလတွင် အမေရိကန် ပြည်ထောင်စုသို့ လာရောက်လည်ပတ်ရန် ကင်ဂျုံအန်းကို ဖိတ်ကြားခဲ့သည်။ 

ယင်းထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စုက အချိန်ကာလများစွာ ဖိအားပေးတောင်းဆိုခဲ့သော နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကိစ္စကို မြောက်ကိုရီးယားက သဘောတူညီခဲ့ပြီး မြောက်ကိုရီးယားက နှစ်ကာလများစွာ ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သည့်ကိစ္စဖြစ်သော အမေရိကန်နှင့်တောင်ကိုရီးယားပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းပေးမည်ဟု သမ္မတထရမ့်က ကတိပြုပြောဆိုခဲ့သည်။ 

“ကျွန်တော်တို့တတွေ စစ်ပွဲဂိမ်း (စစ်ရေးလေ့ကျင့်မှုများ) တွေကို ရပ်ဆိုင်းပစ်တော့မှာပါ၊ အဲဒါတွေရပ်ဆိုင်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ ငွေကြေးအမြောက်အမြား ကုန်ကျတာမျိုးမရှိတော့ဘူးပေါ့” ဟု ထရမ့်က သတင်းထောက်များကို ပြောကြားသည်။ ထို့အတူပင် တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များကိုလည်း ရုပ်သိမ်းရန် ဆန္ဒရှိထားကြောင်း ထရမ့်ကဆိုသည်။

F-01