News

POST TYPE

FOREIGN AFFAIRS

နိုင်ငံတွင်းရှိ ဗလီအမြောက်အမြားကို ဩစတြီးယားအစိုးရပိတ်ပင်၊ ပြည်ပအလှူငွေရယူသည့် ဗလီဆရာများကို မောင်းထုတ်မည်ဟုကြေညာ
12-Jun-2018



ဗီယင်နာ၊ ဇွန် ၁၁

ဩစတြီးယားနိုင်ငံတွင် လက်ယာယိမ်းအစိုးရဦးဆောင် အကောင်အထည်ဖော်နေသော အစွန်းရောက်အစ္စလာမ်ဝါဒ တိုက်ဖျက်ရေးအစီအစဉ်တွင် အစ္စလာမ်ဗလီအတော်များများ အပိတ်ခံလိုက်ရမှုအပေါ် ယင်းနိုင်ငံရှိ မွတ်ဆလင်များက စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်း အာရပ်ကမ္ဘာမီဒီယာ တစ်ခုဖြစ်သော Aljazeera က ရေးသားဖော်ပြသည်။ 

ဩစတြီးယားမွတ်ဆလင်များဖြင့်ဖွဲ့စည်းထားသည့် IGGiOe အဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ရာတွင် နိုင်ငံတွင်းရှိ ဗလီခုနစ်လုံးကိုပိတ်ပင်လိုက်ခြင်းနှင့် တူရကီပံ့ပိုးမှုရယူထားသည့် ဗလီဆရာများကို မောင်းထုတ်ခြင်းတို့နှင့်ပတ်သက်၍ အထူးပင်စိုးရိမ်ပူပန်ကြောင်း ဖော်ပြသည်။ 

“ဩစတြီးယားအစိုးရဟာ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုကို ဂုဏ်သိက္ခာပျက်ယွင်းအောင်လုပ်ချင်နေတာ” ဟု IGGiOe အဖွဲ့ဥက္ကဋ္ဌဖြစ်သူ အီဘရာဟမ်အိုလ်ဂမ်က ပြောကြားသည်။ 

ဩစတြီးယားနိုင်ငံ အဓိပတိ စဘားစတိန်းကွတ်ဇ်သည် အစွန်းရောက်အစ္စလာမ်ဝါဒကို တိုက်ဖျက်နှိမ်နင်းသွားမည်ဖြစ်သည်ဟု ပြီးခဲ့သည့်သောကြာနေ့က ကတိကဝတ်ပြုပြောဆိုပြီး ဩစတြီးယားအစိုးရ အနေနှင့် ဗလီခုနစ်ခုကို ပိတ်ပင်မည်ဖြစ်သလို ပြည်ပမှ အလှူငွေများဖြင့်ရပ်တည်နေသည့် ဗလီဆရာများကို နိုင်ငံတွင်းမှ မောင်းထုတ်ပစ်မည်ဟု ဆိုခဲ့သည်။ 

သို့သော် ယင်းအစီအစဉ်နှင့်ပတ်သက်၍ IGGiOe အဖွဲ့ကို ကြိုတင်အကြောင်းကြားခြင်းမရှိခဲ့ကြောင်း၊ ရမာဒန် ဥပုသ်လကာလဖြစ်သောကြောင့် အခက်ကြုံတွေ့နေရကြောင်း ဥက္ကဋ္ဌဖြစ်သူ အီဘရာ ဟမ်အိုလ်ဂမ်ကဆိုသည်။ 

“ဖြေရှင်းချက်ဆိုတာ စားပွဲတစ်ခုမှာထိုင်ပြီး အတူတကွပူးပေါင်းတာပိုကောင်းပါတယ်။ မွတ်ဆလင်လူနည်းစုရဲ့ နောက်ကွယ်မှာ တစ်ဖက်သတ်ဆုံးဖြတ်တာ မကောင်းပါဘူး” ဟု ၎င်းကဆက်လက်ပြောကြားသည်။ 

ဩစတြီးယားအဓိပတိ စဘားစတိန်းကွတ်ဇ်ကမူဗလီများကို ပိတ်ပင်ခဲ့သည့်အပြင် အာရပ်ဘာသာရေးအဖွဲ့အစည်းတစ်ခုကိုလည်း ဖျက်သိမ်းပစ်လိုက်ကြောင်း သောကြာနေ့ကကြေညာသည်။ ဗလီများ ပိတ်ပင်မှုနှင့် ပြည်ပနိုင်ငံများမှလာသော အလှူငွေများဖြင့်ရပ်တည်နေသည့် ဗလီဆရာများ မောင်းထုတ်မည့်အစီအစဉ်နှင့်ပတ်သက်၍ ဩစတြီးယား ဒုတိယအဓိပတိဟိုင်းဇ်ခရစ်ရှန်စထရာရှာက “ဒါဟာ အစပိုင်းပဲရှိပါသေးတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ထို့ပြင် ယခုကိစ္စသည် ပြည်ပမှ ရန်ပုံငွေရယူသည့် ဘာသာရေးအုပ်စုများကို တားမြစ်ပိတ်ပင်သည့် ၂၀၁၅ ဥပဒေအတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဩစတြီးယားတွင် ပြည်ပအထောက်အပံ့ရယူလျက်ရှိသည့် ဗလီဆရာ ၆၀ ခန့်ရှိထားရာ ၎င်းတို့အား မကြာမီ နိုင်ငံတွင်းမှ မောင်းထုတ်ပစ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ဩစတြီးယားနိုင်ငံတွင် လူဦးရေ ၉ သန်းခန့်ရှိသည့်အနက် မွတ်ဆလင်ဦးရေ ခြောက်သိန်းခန့်ရှိပြီး ၎င်းတို့အများစုမှာ တူရကီအနွှယ်များဖြစ်ကြသည်။ သို့အတွက်ကြောင့် တူရကီသမ္မတတေရစ်အာဒိုဂန်က ယခုကိစ္စအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်သည်။ 

“ဩစတြီးယားဝန်ကြီးချုပ်လုပ်ကိုင်လိုက်တဲ့ ခုလိုအစီအစဉ်တွေဟာ လက်ဝါးကတ်တိုင်နဲ့ လခြမ်းအကြား စစ်ပွဲကြီးတစ်ခုဖြစ်လာအောင်လုပ်လိုက်သလိုဖြစ်သွားမှာကို စိုးရိမ်မိတယ်” ဟု တူရကီဝန်ကြီးချုပ်က ပြောကြားသည်။ 

ထိုသို့ ဝေဖန်မှုများရှိနေသော်လည်း ဝန်ကြီးချုပ်ဆဘားစတိန်းကွတ်ဇ်ဦးဆောင်သော အစိုးရ၏ လုပ်ရပ်ကို ဩစတြီးယား အတိုက်အခံအင်အားစုများကလည်း ကျယ်ကျယ်ပြန့်ပြန့်ပင် ထောက်ခံလျက်ရှိသည်။ 

လက်ဝဲယိမ်းဆိုရှယ်ဒီမိုကရက် ပါတီကမူ လွန်စွာအရေးကြီးလှသည့် လုပ်ငန်းတစ်ခုကို အစိုးရက လုပ်ဆောင်ပြလိုက်ခြင်းဖြစ်သည်ဟု ချီးမွမ်းလိုက်သည်။

F-01