News

POST TYPE

FOREIGN AFFAIRS

ဆီးရီးယား ပဋိပက္ခအတွက် ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်
27-Sep-2016
နယူးယောက်၊ စက်တင်ဘာ ၂၆

ခြောက်နှစ်ကြာ ဆီးရီးယားစစ်ပွဲအတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမှုကြောင့် တနင်္ဂနွေနေ့က ခေါ်ယူခဲ့သော ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ကုလအထူးကိုယ်စားလှယ်က ၎င်း၏ ကဏ္ဍကို ဆက်လက်ထိန်းသိမ်းရင်း ဆီးရီးယားတွင် ထိုးစစ်များ ရပ်ဆိုင်းအောင် ဖိအားပေးရန် တောင်းဆိုခဲ့သည်ဟု Xinhua သတင်းတွင် ဖော်ပြထားသည်။

နှစ်နာရီခွဲကြာသော အစည်းအဝေး ပြီးခါနီးတွင် ဆီးရီးယား သံအမတ်က “အလက်ပို တစ်မြို့လုံးကို ဆီးရီးယား အစိုးရက ပြန်လည်သိမ်းပိုက်သွားမည်” ဟု ပြောကြားနေစဉ် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်သံအမတ်များက အစည်းအဝေးမှ ထ၍ ထွက်ခွာသွားခဲ့ကြသည်။

ကုလအထူးကိုယ်စားလှယ် စတပ်ဖန်ဒီမစ်စတူရာက ‘အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် အရပ်သားများအား ကာကွယ်ရေးကို ဖိအားပေးရန်၊ အပတ်စဉ် ၄၈ နာရီ တိုက်ပွဲရပ်၍ မည်သည့်ဘက်မှ ထောက်ပံ့ကူညီမှုကိုဖြစ်စေ ခြွင်းချက်မရှိ ခွင့်ပြုရန်၊ အလက်ပို အရှေ့ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက် ကယ်ဆယ်မှုများ ပြုလုပ်နိုင်အောင် ဖိအားပေးရန်’ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်။

‘သောကြာနေ့က ပြင်းထန်သော လေကြောင်းထိုးစစ်ကြောင့် ကလေးများ အပါအဝင် အရပ်သားများ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ကြောင်း၊ အလက်ပိုမြို့ အရှေ့ပိုင်းတွင် အခြေအနေများစွာ ဆိုးဝါးနေကြောင်း၊ ယခုဖြစ်ပွားနေမှုများကို ပြောင်းလဲပစ်နိုင်မည်ဟု ယုံကြည်ကြောင်း၊ လက်ရှိအခြေအနေမျိုးတွင် အဘယ်ကြောင့် နုတ်ထွက်ခြင်း မပြုသနည်းဟု အကြိမ်ကြိမ် မေးမြန်းခံနေရကြောင်း၊ ၎င်းအနေနှင့် ယခုနုတ်ထွက်လိုက်ပါက ဆီးရီးယားကို  နိုင်ငံတကာ အသိုင်းအဝိုင်းက စွန့်ခွာသည့် သဘော သက်ရောက်သောကြောင့် နုတ်ထွက်မည် မဟုတ်ကြောင်း’ ကိုယ်စားလှယ် ဒီမစ်စတူရာက ပြောကြားသည်။

အဖွဲ့ဝင် ၁၅ နိုင်ငံ တက်ရောက်သော လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့ဘက်မှ အများစုက ရပ်တည်ခဲ့ကြပြီး ရုရှားဘက်မှ ရပ်တည်သူ အနည်းငယ်ရှိကာ အချို့ကမူ ၎င်းတို့မှားယွင်းသည်ဟု ယူဆသော နိုင်ငံများကို တိုက်ရိုက်ဝေဖန်ခဲ့ကြသည်။

ဆီးရီးယားစစ်ပွဲတွင် ပါဝင်နေသော ရုရှားက အကြမ်းဖက်သမားများကို တိုက်ခိုက်ပေးရန် ဆီးရီးယားအစိုးရက ဖိတ်ခေါ်သောကြောင့် ဖြစ်သည်ဟု အကြောင်းပြ ပြောဆိုခဲ့သည်။ 

အနောက်အုပ်စုကလည်း အလယ်အလတ် သဘောထားရှိသော အတိုက်အခံ သူပုန်များကိုသာ ကူညီနေခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

ဆီးရီးယား သံအမတ်က “ဗြိတိန်သည် စကော့တလန်ကို၊ ပြင်သစ်သည် ကော်ဆီကာကို၊ အမေရိကန်သည် တက်ဆပ်စ်ကို စွန့်လွှတ်မလား” ဟု မေးခွန်းထုတ်လိုက်ပြီး ဆီးရီးယား အစိုးရသည် အလက်ပို အပါအဝင် နယ်မြေတစ်လက်မကိုမှ စွန့်လွှတ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် သံအမတ်များက ၎င်းတို့သည် အလက်ပိုတွင် ဖြစ်ပေါ်နေသော ကြောက်မက်ဖွယ်  အခြေအနေအပေါ် ရိုးသားစွာ စိုးရိမ်မှုကြောင့် ယခုအရေးပေါ် အစည်းအဝေးကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားကြသည်။

‘ဆီးရီးယားအစိုးရနှင့် ၎င်း၏ မဟာမိတ်များသည် ၎င်းတို့၏ စစ်ရေး ရည်မှန်းချက် အောင်မြင်သည့် အချိန်အထိ အလက်ပိုကို ဝိုင်းပတ်ပိတ်ဆို့ကာ ဗုံးကြဲသွားမည် ဖြစ်ကြောင်း ယနေ့ကမ္ဘာကို ကျယ်ကျယ်လောင်လောင် အသိပေးခဲ့ကြသည်’ ဟု ပြင်သစ်သံအမတ်က ပြောဆိုခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် ရုရှားတို့ သဘောတူညီချက်ကို အလက်ပိုတွင် အမြန်ဆုံး စတင် အကောင်အထည်ဖော်ရန် ပြင်သစ်က တိုက်တွန်းလိုက်သည်။