News

POST TYPE

FOREIGN AFFAIRS

အစ္စလာမ္မစ် နိုင်ငံတော် တန်ပြန်ရေး နည်းလမ်းသစ် အသုံးပြုရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
23-Jul-2016

ဝါရှင်တန်၊ ဇူလိုင် ၂၂

အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) က ၎င်း၏ နယ်မြေပြင်ပတွင် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် ညွန့်ပေါင်းအဖွဲ့ဝင် နိုင်ငံများကြား ထောက်လှမ်းရေးသတင်း ပိုမိုဖလှယ်ရေး နည်းလမ်းသစ် အသုံးပြုရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“အရှေ့အလယ်ပိုင်းမှာ သူတို့နယ်မြေ ဆုံးရှုံးနေပေမယ့်လည်း ကမ္ဘာလုံးချီ အကြမ်းဖက်အဖွဲ့ ဖြစ်လာစေဖို့ ကြိုးပမ်းနေပါတယ်” ဟု ညွန့်ပေါင်းအဖွဲ့ နိုင်ငံပေါင်း  ၄၀ ခန့်မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။

ထို့ကြောင့် နိုင်ငံများအကြား ထောက်လှမ်းရေး သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဖလှယ်အသုံးပြုရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသွားသည်။

အီရတ်နှင့် ဆီးရီးယား နိုင်ငံတွင်းရှိ IS အခြေခံနယ်မြေများ ဖြစ်သည့် မိုဆိုးနှင့် ရာကွပ်မြို့တို့ ပြန်လည်သိမ်းပိုက်နိုင်ရေးမှာ အချိန်သိပ်မလိုတော့သော်လည်း ကမ္ဘာတစ်ဝန်းတွင် IS လှုံ့ဆော်လိုက်သည့် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည်။

ပြင်သစ်နိုင်ငံ ပဲရစ်၊ နိတ်နှင့် ဘယ်လ်ဂျီယံ ဘရတ်ဆဲ တိုက်ခိုက်မှုများ အပြီးတွင် အကြမ်းဖက်သမားများ ဥရောပ နယ်နိမိတ်များကို အလွယ်တကူ ဖြတ်ကျော်နိုင်ကြောင်း တွေ့ရှိလာသဖြင့် မဟာမိတ်များအကြား သတင်းအချက်အလက် ပိုမိုမျှဝေ အသုံးပြုရန် အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလျက်ရှိသည်။

သို့သော်လည်း သတင်းအချက်အလက် မျှဝေအသုံးပြုရေးအတွက် ဗျူရိုကရေစီ အတားအဆီးများကို ပယ်ဖျက်ပေးရန် လိုအပ်ကြောင်း IS စစ်သွေးကြွအဖွဲ့သည် ဘာသာစကားသစ်များ အသုံးပြုပြီး လူသစ်များ တိုးချဲ့စုဆောင်းနေသလို နယ်မြေသစ်များတွင်းသို့လည်း ဝင်ရောက်လာကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သတိပေးလိုက်သည်။

IS ချေမှုန်းရေးတွင် အဓိကနေရာမှ ပါဝင်နေသည့် တူရကီနိုင်ငံတွင်း မအောင်မြင်သည့် စစ်အာဏာသိမ်းပွဲအပြီး မတည်ငြိမ်မှုများ ပေါ်ပေါက်နေခြင်းကြောင့်လည်း စစ်သွေးကြွအဖွဲ့အား ချေမှုန်းရေး အားပျော့လာနိုင်သည်ကို လေ့လာသူများက စိုးရိမ်နေကြသည်။