News

POST TYPE

FOREIGN AFFAIRS

Samsung ဟန်းဆက်က မီးခိုးထွက်လာ၍ အိန္ဒိယ လေယာဉ်ပေါ်တွင် အရေးပေါ် မီးငြှိမ်းသတ်ရ
25-Sep-2016

ဒေလီ၊ စက်တင်ဘာ ၂၅

အိန္ဒိယနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တစ်ခုတွင် လေယာဉ်ပေါ်၌ ပါရှိလာသော Samsung လက်ကိုင်ဖုန်း ဟန်းဆက်မှ မီးခိုးများထွက်လာသောကြောင့် မီးသတ်ဆေးဘူးဖြင့် အရေးပေါ် ငြှိမ်းသတ်လိုက်ရသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

Note 2 အမျိုးအစား အဆိုပါ Samsung ဟန်းဆက်သည် မီးခိုးများနှင့် မီးပွားများ တဖျစ်ဖျစ် ထွက်လာသောကြောင့် မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်လိုက်ရခြင်း ဖြစ်သည်ဟု အိန္ဒိယပြည်တွင်း ဘတ်ဂျက်လေကြောင်းလိုင်း ဖြစ်သော IndiGo က ကြေညာချက် ထုတ်ပြန်သည်။

လေယာဉ်အမှုထမ်းများ၏ အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်မှုကြောင့် လေယာဉ်သည် ချင်းနိုင်းလေဆိပ် (မူလဆင်းသက်ရမည့် လေဆိပ်) သို့ ကောင်းမွန်စွာဆင်းသက်နိုင်ခဲ့သည်ဟု IndiGo က ဆိုသည်။

ယင်းလေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များ၏ ပြောကြားချက်အရ ခရီးသွားအိပ်နှင့် ပစ္စည်းများတင်သည့် အလုံပိတ်စင် (Overhead Luggage Compartment) ကို ဖွင့်လိုက်သောအခါ မီးခိုးများ ထွက်လာသည်ကို တွေ့ရကြောင်း၊ ယင်းမီးခိုးများသည် လက်ကိုင်အိတ်တစ်ခု အတွင်းမှ ထွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Samsung လက်ကိုင်ဖုန်းကို မီးငြှိမ်းသတ်ပြီးနောက် လေယာဉ်မဆင်းသက်မီ အချိန်အထိ သန့်စင်ခန်းအတွင်း၌ ရေစိမ်ထားခဲ့ကြောင်း ခရီးသည်များက ဆိုသည်။

“လေယာဉ်သည် ချင်းနိုင်းလေဆိပ်သို့ ပုံမှန်အနေအထားအတိုင်းပင် ဆင်းသက်နိုင်ခဲ့သလို ခရီးသည်များလည်း ပုံမှန်အတိုင်းပင် လေယာဉ်ပေါ်မှ ဆင်းသက်ခဲ့ကြခြင်း ဖြစ်သည်” ဟု IndoGo က Reuters သတင်းဌာနသို့ ပြောကြားသည်။