News

POST TYPE

FOREIGN AFFAIRS

စင်ကာပူ ကိုယ်ဝန်ဆောင်မိခင် ၁၆ ဦးတွင် ဇီကာဗိုင်းရပ်စ် တွေ့ရှိဟု ကျန်းမာရေးဌာန အတည်ပြု
25-Sep-2016

စင်ကာပူ၊ စက်တင်ဘာ ၂၄ 

စင်ကာပူနိုင်ငံရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၆ ဦးတွင် ဇီကာဗိုင်းရပ်စ် (Zika) ရှိနေသည်ဟု စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့က အတည်ပြု ပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

စင်ကာပူတွင် ပြီးခဲ့သည့် သြဂုတ်လ ဆန်းပိုင်းက ပြည်တွင်း၌ ဇီကာဗိုင်းရပ်စ် ကူးစက်မှု(ပြည်ပမှ ဇီကာဗိုင်းရပ်စ်ရှိသူ ဝင်ရောက်လာခြင်းမျိုးမဟုတ်) ပထမဆုံး ဖြစ်ပေါ်ခဲ့သည်ကို ကျန်းမာရေးအာဏာ ပိုင်များက စစ်ဆေးတွေ့ရှိခဲ့သည်။  

ယခု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် စင်ကာပူ ဆရာဝန်များက ဇီကာဗိုင်းရပ်စ် ရှိသော အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို အနီးကပ် စောင့်ကြည့်လေ့လာကာ ကျန်းမာရေး ဆွေးနွေး အကြံပေးခြင်း၊ ကူညီပံ့ပိုးခြင်းတို့ ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။
 
စင်ကာပူအမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီ၏ ဝက်ဘ်ဆိုက်တွင် နိုင်ငံတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ၃၈၇ မှုရှိသည်ဟု ဖော်ပြသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ကျန်းမာရေး ဝန်ကြီးဌာနက ဇီကာဗိုင်းရပ်စ် ရှိ၊ မရှိ စမ်းသပ်မှု ပေါင်း ၆၅၈ ကြိမ် ပြုလုပ်ခဲ့ပြီး ယင်းအနက် ၁၉၇ ကြိမ်မှာ ကိုယ်ဝန်ဆောင် မိခင်လောင်းများကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ 

ကျန်းမာရေးဝန်ကြီးဌာနက ဇီကာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ အမျိုးသားအဆင့် စောင့်ကြည့်လေ့လာရေး အစီအစဉ်ကြီး တစ်ရပ်ကို အကောင်အထည် ဖော်ရန် ပြင်ဆင်လျက် ရှိသည်ဟုဆိုပြီး ဇီကာ ဗိုင်းရပ်စ် ရှိနေသော ကိုယ်ဝန်ဆောင် မိခင်များက မွေးဖွားလာမည့် ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးမှုကိုလည်း အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်သည်ဟု ဆိုထားသည်။

ဘရာဇီးနိုင်ငံတွင် ဦးစွာစမ်းသပ် လေ့လာခဲ့မှုများအရ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသော ကိုယ်ဝန်ဆောင် အမျိုးသမီးများက မွေးဖွားလာသော ကလေးငယ်များသည်  ဦးခေါင်းသေးငယ်ပြီး ကြီးထွား ဖွံ့ဖြိုးမှုပိုင်းတွင် ဆိုးရွားသည့် ချို့ယွင်းမှုများ ဖြစ်ပေါ်သည်ကို တွေ့ခဲ့ရသည်။


  • VIA