News

POST TYPE

FOREIGN AFFAIRS

ကိုယ်ဝန်ဆောင်မိခင် ၁၆ ဦးတွင် ဇီကာဗိုင်းရပ်စ် တွေ့ရှိဟု စင်ကာပူ သတင်းထုတ်ပြန်
24-Sep-2016
စင်ကာပူ၊ စက်တင်ဘာ ၂၄ 

စင်ကာပူနိုင်ငံရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၆ ဦးတွင် ဇီကာဗိုင်းရပ်စ ်ရှိနေသည်ဟု စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က အတည်ပြု ပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။

စင်ကာပူတွင် ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ပြည်တွင်း၌ ဇီကာဗိုင်းရပ်စ် ကူးစက်မှု (ပြည်ပမှ ဇီကာဗိုင်းရပ်စ်ရှိသူ ဝင်ရောက်လာခြင်းမျိုး မဟုတ်) ပထမဆုံး ဖြစ်ပေါ်ခဲ့သည်ကို ကျန်းမာရေး အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့သည်။

စင်ကာပူ ဆရာဝန်များက ဇီကာဗိုင်းရပ်စ်ရှိသော အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို အနီးကပ် စောင့်ကြည့်လေ့လာကာ ကျန်းမာရေး ဆွေးနွေးအကြံပေးခြင်း၊ ကူညီပံ့ပိုးခြင်းတို့ ပြုလုပ်လျက် ရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စင်ကာပူ အမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီ၏ ဝက်ဘ်ဆိုက်တွင် နိုင်ငံတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ၃၈၇ မှု ရှိသည်ဟု ဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ကျန်းမာရေး ဝန်ကြီးဌာနက ဇီကာဗိုင်းရပ်စ် ရှိ/မရှိ စမ်းသပ်မှုပေါင်း ၆၅၈ ကြိမ် ပြုလုပ်ခဲ့သည်။