News

POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယားက နျူလက်နက်ဖြင့် ခြိမ်းခြောက်လာလျှင် ကင်မ်ဂျုံအန်ကို လုပ်ကြံမည့် အစီအစဉ်ကို တောင်ကိုရီးယား ထုတ်ဖော်
23-Sep-2016
ဆိုးလ်၊ စက်တင်ဘာ ၂၂

မြောက်ကိုရီးယားဘက်က နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်မည့် ခြိမ်းခြောက်မှု ရှိလာပါက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်ကို လုပ်ကြံ သတ်ဖြတ်မည့် အထူးတပ်ဖွဲ့ တစ်ဖွဲ့ ရှိထားပြီးဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ထုတ်ဖော် ပြောကြားလိုက်သည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ယခု တစ်ပတ်အတွင်း ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေး တစ်ရပ်တွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်ကို လုပ်ကြံနိုင်မည့် အထူးတပ်ဖွဲ့ တစ်ဖွဲ့ ရှိထားပြီလား ဟူသည့်မေးခွန်းကို ကာကွယ်ရေး ဝန်ကြီး ဟန်မင်ကူးက ထိုကဲ့သို့သော အစီအမံမျိုး ရှိထားပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့သည်။

တောင်ကိုရီးယားတွင် မြောက်ကိုရီးယား၏ အဓိက အရေးပါသည့် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မည့် တိကျသည့် ဒုံးကျည်များ အသုံးပြုသွားရန် ယေဘုယျ အစီအမံများ ရှိထားကြောင်းလည်း မစ္စတာ ဟန်မင်ကူးက ထပ်လောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား အနေနှင့် ထိုကဲ့သို့ တိုက်ခိုက်မည့် အစီအမံများ ရှိထားနိုင်သည်ဟု ယူဆမှုများ ယခင်ကတည်းက ရှိနေခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ အတိအလင်း ထုတ်ဖော် ပြောကြားမှုမှာမူ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။

မြောက်ကိုရီးယားသည် မကြာသေးမီကပင် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု တစ်ကြိမ် ထပ်မံ ပြုလုပ်ခဲ့သေးပြီး ၎င်းတို့နိုင်ငံကို နျူလက်နက် ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်နေပြီဟု ကင်မ်ဂျုံအန်က ထုတ်ဖော် ပြောကြားထားသေးသည်။


  • VIA