News

POST TYPE

FOREIGN AFFAIRS

အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များအား IS ဓာတုဒုံးကျည်ဖြင့် တိုက်ခိုက်မှု အမေရိကန် စစ်ဆေး
23-Sep-2016
ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၂

အီရတ်တွင် အခြေစိုက်ထားသော အမေရိကန်တပ်ဖွဲ့များအား IS စစ်သွေးကြွများက ဓာတုဒုံးကျည်လက်နက်ဖြင့် တိုက်ခိုက်ခဲ့ဖွယ် ရှိသည်ဟု အမေရိကန်စစ်ဘက်က ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မိုဆူးမြို့အနီးမှ ကာယာရာလေတပ် အခြေစိုက်စခန်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ကိုက်ရာပေါင်းများစွာ ဝေးသောနေရာတွင် ကျရောက်သော ဒုံးကျည်တွင် Mustard ဓာတုပစ္စည်း ပါဝင်ဖွယ် ရှိသည်ဟု ဆိုသည်။

အမေရိကန်တပ်ဖွဲ့ဝင် များစွာ အခြေစိုက်ထားသော လေတပ်အခြေစိုက်စခန်းအား အင်္ဂါနေ့က တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု သိရှိရသည်။ 

အကယ်၍ ယင်းသတင်းမှန်ကန်ပါက အီရတ်ရှိ မဟာမိတ်တပ်များအပေါ် ဓာတုလက်နက်ဖြင့် ပထမဆုံး တိုက်ခိုက်မှု ဖြစ်လာမည် ဖြစ်သည်။

‘စက်တင်ဘာလ ၂၀ ရက်က အီရတ် စံတော်ချိန် မွန်းတည့်ချိန်တွင် ကာယာရာ လေတပ်အခြေစိုက်စခန်းတွင် ဒုံးလက်နက်ဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ လက်နက် အကြွင်းအကျန်များကို ကနဦးစစ်ဆေးမှုတွင် Mustard ဓာတုပစ္စည်း ပါဝင်မှုကို  စမ်းသပ်တွေ့ရှိရသည်။ ဒုံးကျည် (သို့) မော်တာကျည် ဖြစ်ဖွယ်ရှိသော လက်နက်သည် တိကျမှုမရှိပါ’ ဟု ပင်တဂွန်က ကြေညာချက် ထုတ်ပြန်သည်။

သို့သော် တပ်ဖွဲ့ဝင်များတွင် ဓာတုပစ္စည်းနှင့် တွေ့ထိထားသော လက္ခဏာ ပြသခြင်း မရှိဟု ဆိုသည်။

ယခုတိုက်ခိုက်မှုကြောင့် စခန်းနှင့် ပတ်ဝန်းကျင်တွင် ထိခိုက်ပြောင်းလဲသွားခြင်း မရှိကြောင်းနှင့် ယင်းတိုက်ခိုက်မှုမျိုးကို ကိုင်တွယ်ရန် ယခင်ကတည်းက လေ့ကျင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ပင်တဂွန် ကြေညာချက်တွင် ပါရှိသည်။

သို့ရာတွင် အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့များအား ဓာတုလက်နက်ဖြင့် အကြိမ် ၂၀ ခန့် တိုက်ခိုက်ခံခဲ့ရကြောင်း အထောက်အထားမှတ်တမ်းများ ရှိပြီး အဆိုပါဖြစ်ရပ် လေးပုံတစ်ပုံခန့်မှာ Mustard ဓာတုပစ္စည်း ပါဝင်သည်ဟု သိရှိရသည်။

အီရတ်နှင့် ဆီးရီးယားတွင် IS အဖွဲ့က အကြမ်းစားအဆင့် ဓာတုလက်နက်များ ပြုလုပ်သုံးစွဲနေသည်ဟု ယခင်ကပင် သံသယ ရှိခဲ့ကြသည်။ 

Mustard ဓာတုပစ္စည်း လုံလောက် စွာ ပါဝင်နေပါက အရေပြား၊ မျက်စိနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာတို့တွင် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးကာ သေဆုံးနိုင်သည်။

IS အဖွဲ့က ၂ နှစ်ခန့် သိမ်းပိုက်ထားသော မိုဆူးလ်မြို့ကို အီရတ်တပ်များက ပြန်လည်သိမ်းယူရန် လာမည့် အပတ်များအတွင်း တိုက်ပွဲများ ဆင်နွှဲတော့မည်ဖြစ်ရာ ထိုးစစ်ဆင်မည့် ဒေသခံ တပ်များကို အမေရိကန်တပ်ဖွဲ့များက အကူအညီပေးလျက် ရှိသည်။