News

POST TYPE

FOREIGN AFFAIRS

မြောက်ကာရိုလိုင်းနား၌ လူမည်းအမျိုးသား ပစ်ခတ်ခံရမှုအပေါ် မကျေနပ်၍ ဆန္ဒပြရာမှ ရုန်းရင်းဆန်ခတ်ဖြစ်
22-Sep-2016
နယူးယောက်၊ စက်တင်ဘာ ၂၁

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ် ရှားလော့မြို့၌ ရဲတပ်ဖွဲ့က လူမည်းအမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့မှုအပေါ် မကျေနပ်၍ ပြုလုပ်ခဲ့သော ဆန္ဒပြပွဲ၌ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာမှ ရဲအရာရှိ ၁၂ ဦး ဒဏ်ရာရရှိသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ထို့နောက် အာဏာပိုင်များက အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းရန် အဆိုပါမြို့သို့ အမျိုးသား အစောင့်တပ်ဖွဲ့ စေလွှတ်လိုက်ပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

ဆန္ဒပြသူများက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာအနီးတွင် ရပ်ထားသည့် ရဲကားများကို ဖျက်ဆီးပစ်ခဲ့သည်ဟု ရှားလော့မက်ကလန်ဘဂ် ရဲဌာနက Twitter တွင် ဖော်ပြသည်။

ဆန္ဒပြမှု ဒုတိယနေ့ညတွင် ရုန်းရင်းဆန်ခတ် ဖြစ်မှုမှာ ပိုမိုပြင်းထန်လာပြီး ဆန္ဒပြသူတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ရှားလော့မြို့ခံများက ဆိုသည်။

ရဲအရာရှိတစ်ဦးမှာမူ ဆန္ဒပြသူများ ပစ်ခတ်လိုက်သော ကျောက်ခဲထိမှန်သွားသောကြောင့် မျက်နှာတွင် ဒဏ်ရာရရှိသွားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

စက်တင်ဘာ ၂၀ ရက် (အင်္ဂါနေ့) အစောပိုင်းက အဆိုပါမြို့တွင် အသက် ၄၃ နှစ်အရွယ် ကန့်လာမွတ်စကော့ ဆိုသူ လူမည်းအမျိုးသားတစ်ဦးကို လူမည်းရဲအရာရှိတစ်ဦးက ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည်။

ရဲတပ်ဖွဲ့ အဆိုအရ ကန့်လာမွတ်စကော့သည် သေနတ်ကိုင်ဆောင်ထားပြီး ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ရဲက ပစ်ခတ်လိုက်ရခြင်း ဖြစ်သည်ဟုဆိုသော်လည်း ၎င်း၏ ဆွေမျိုးဖြစ်သူများ၏ အဆိုအရ စကော့သည် သေနတ်ကိုင်ဆောင်ထားခြင်း မရှိခဲ့ပေ။

အဆိုပါ ဖြစ်ရပ်အပေါ် မကျေနပ်သူများက ရှားလော့မြို့ လမ်းမများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုကာ နှိမ်နင်းခဲ့ရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

Photo Credit: BBC