News

POST TYPE

FOREIGN AFFAIRS

ဒုက္ခသည်များ တာဝန်မျှဝေယူရန် ကမ္ဘာ့ခေါင်းဆောင်များ ကြေညာချက် ထုတ်ပြန်
22-Sep-2016
နယူးယောက်၊ စက်တင်ဘာ ၂၀  

ကမ္ဘာ့ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ကတိပြုခဲ့ကြသော်လည်း အစီအစဉ်သည် လုံလောက်ပြည့်စုံမှု မရှိဟု ဝေဖန်ခံနေရကြောင်း VOA သတင်းက ဖော်ပြသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲတွင် အဖွဲ့ဝင် နိုင်ငံများက ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လူအမြောက်အမြား ရွှေ့ပြောင်းနေမှုအတွက် တာဝန်မျှယူကြရန် သဘောတူညီခဲ့ကြသည်။

“ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ဝန်ထုပ်ဝန်ပိုးလို့ မမြင်သင့်ပါဘူး။ ကျွန်တော်တို့ကသာ လမ်းဖွင့်ပေးနိုင်ရင် သူတို့မှာ အလားအလာကောင်းတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ကတိကဝတ်တွေရဲ့ နှလုံးအိမ်မှာ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူ အားလုံးရဲ့ လူ့အခွင့်အရေး ဆိုတာကို ထည့်တွက်ဖို့ လိုပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့သည်။

ပဋိပက္ခများ၊ ခွဲခြားဆက်ဆံမှုများအပြင် အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝန်း လူ ၆၅ သန်းခန့် မဖြစ်မနေ နေရာရွှေ့ပြောင်းခဲ့ကြရသည်။ 

နယူးယောက်ရှိ ညီလာခံတွင် ချမှတ်ခဲ့သော ကြေညာချက်၌ ပဋိပက္ခဒဏ် အခံရဆုံး နိုင်ငံများကို ကူညီကြရန်၊ ရွှေ့ပြောင်းအခြေချရသည့် ကလေးငယ်များ ပညာသင်ကြားခွင့်ရရေး ကူညီရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် ဒုက္ခသည်များ ပြန်လည်နေရာချထားမှု တိုးမြှင့်ရန်တို့ ပါရှိသည်။

သို့သော်လည်း နှစ်စဉ် ကမ္ဘာ့ဒုက္ခသည် အရေအတွက် ၁၀ ရာခိုင်နှုန်းကို ပြန်လည်နေရာချထားပေးရန် အစိုးရများကို တိုက်တွန်းသော အစီအစဉ်ကို ဖြုတ်ထားခဲ့သည်။ 

နိုင်ငံများက အရေအတွက် မည်ရွေ့ မည်မျှ လက်ခံပေးရမည် ဆိုသော လိုအပ်ချက်ကို နောက်ဆုံးကြေညာချက်တွင် ဖြုတ်ထားခဲ့သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ယခုကြေညာချက်သည် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများ ကာကွယ်ရေး နယ်ပယ်ချဲ့ထွင်ရန် အခွင့်အလမ်းကောင်းနှင့် လွဲချော်ခဲ့ကြောင်း ခိုင်မာသော၊ အသစ်ဖြစ်သော ကတိကဝတ်မျိုးရမည် ဆိုသော မျှော်လင့်ချက်တို့ကိုလည်း ကန့်သတ်မိသလို ဖြစ်သွားခဲ့ကြောင်း ဝေဖန်ခဲ့သည်။

နိုဗယ်ဆုရှင် လူငယ်အခွင့်အရေး လှုပ်ရှားသူ မာလာလာ ယူဆွတ်ဇိုင်ကလည်း ယခု ထိပ်သီးဆွေးနွေးပွဲသည် ဒုက္ခသည်များ၊ အထူးသဖြင့် နေရာရွှေ့ပြောင်းခဲ့ရသော ကလေးငယ်များအတွက် ခိုင်မာသော တိုးတက်မှု တစ်စုံတစ်ရာ ဆောင်ကြဉ်းမပေးနိုင်ခဲ့ကြောင်း ဝေဖန်ခဲ့သည်။

“ကုလသမဂ္ဂမှာ ကျွန်မတို့ ဒီကနေ့ ကြားခဲ့ရတာနဲ့ အရူးအလုပ် မခံရပါစေနဲ့။ ဘာကို အာရုံစိုက်တာလဲ ဆိုတာ ကျွန်မတို့ မကြားခဲ့ရပါဘူး။ ဒီကြေညာချက်မှာ ဒုက္ခသည်တွေအတွက် အသစ်ဖြစ်တဲ့ ခိုင်မာတဲ့ ကတိကဝတ် တစ်စုံတစ်ရာ မပါပါဘူး” ဟု မာလာလာက ဝေဖန်ခဲ့သည်။

ဆီးရီးယား ဒုက္ခသည် မိုဟာမက် ဘက်ဒရန်က “ကျွန်တော် နယ်သာလန်ကို ရောက်တော့ ဥရောပတောင်မှ ဘယ်လောက်ရုန်းကန်နေရတယ် ဆိုတာ တွေ့ခဲ့ရတယ်။ လူငယ်ဒုက္ခသည်တွေ အဖြစ်နဲ့ ကျွန်တော်တို့က ဒီဒေါသ၊ ဒီစိုးရိမ်မှုတွေကို နေ့တိုင်း ကြုံရပါတယ်။ ကျွန်တော်တို့ကို တံခါးပိတ်ထားကြတယ်။ အဆင့်မြင့်ပညာရေးကို ငြင်းပယ်ခံရတယ်။ မကြာခဏ ဆိုသလိုပဲ အရေးတယူမရှိ၊ အထင်သေးခံရပြီး ဖယ်ကြဉ်ခံရတယ်” ဟု ညီလာခံတွင် ပြောကြားခဲ့သည်။

လူအမြောက်အမြား ရွှေ့ပြောင်းဝင်ရောက်လာမှုကြောင့် နိုင်ငံများက နယ်ခြားများကို ပိတ်ထားကြချိန်တွင် ကုလသမဂ္ဂက ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့်  နိုင်ငံခြားသားကြောက် ရောဂါကို တိုက်ဖျက်ရေး အဓိက ဦးစားပေးခဲ့သည်။

ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူ အကျပ်အတည်းကို ကုလသမဂ္ဂက ဖြေရှင်းရာတွင် ပိုမိုထိရောက်စေရန်အတွက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချမှုအဖွဲ့ (IOM) ကလည်း စက်တင်ဘာလ  ၁၉  ရက်နေ့က ကုလသမဂ္ဂ မိသားစုတွင် ပူးပေါင်းပါဝင်ခဲ့သည်။

IOM သည် တိုက်ကြီးငါးတိုက်တွင် ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ဝန်ထမ်း ၅၀၀၀၀ ကျော် ရှိသည်။