News

POST TYPE

FOREIGN AFFAIRS

တူရကီစစ်တပ် ပြန်လည်ဖွဲ့စည်းမည်ဟု သမ္မတ အာဒိုဂန် ကတိပြု
23-Jul-2016
အန်ကာရာ၊ ဇူလိုင် ၂၂

မအောင်မြင်သော စစ်အာဏာသိမ်းပွဲအပြီးတွင် တူရကီစစ်တပ်ကို သွေးသစ်လောင်းကာ ပြန်လည်ဖွဲ့စည်းမည်ဟု သမ္မတ တေရစ်အာဒိုဂန်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တူရကီစစ်တပ်တွင် ဗိုလ်ချုပ်အဆင့် အရာရှိ ၃၆၀ ရှိရာမှ သုံးပုံတစ်ပုံခန့်ကို ထိန်းသိမ်းထားသလို စစ်ဘက်ဆိုင်ရာ တရားသူကြီးများနှင့် စစ်တပ်ရှေ့နေ အားလုံးကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ထို့အပြင် စစ်တပ်ကို ပြုပြင်ပြောင်းလဲမှုများရန် စီစဉ်ထားပြီး ပြောင်းလဲမှုများကို ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့ ပါဝင်သည့် အဆင့်မြင့်ဆုံးသော စစ်ကောင်စီက ကြီးကြပ်သွားမည်ဟု တူရကီ သမ္မတ အာဒိုဂန်က ပြောကြားသွားသည်။

“ဘယ်လိုလုပ်ရမယ်ဆိုတာကို ကျွန်တော်တို့အားလုံး စုပေါင်းလုပ်ဆောင်နေပါတယ်။ အချိန်တိုအတွင်း စစ်တပ်ဖွဲ့စည်းပုံသစ် ပေါ်ပေါက်လာမှာပါ။ အဲဒီပုံစံသစ်နဲ့ဆိုရင် လက်နက်ကိုင်အဖွဲ့ဟာ သွေးသစ်လောင်း အားပြည့်လာမှာပါ”ဟု သမ္မတက ပြောကြားသွားသည်။

အစိုးရကို အာဏာသိမ်းရန် ကြံစည်မှုများ ပေါ်ပေါက်လာနိုင်သော်လည်း အာဏာပိုင်များက သတိဖြင့် စောင့်ကြည့်နေခြင်းကြောင့် ပေါ်ပေါက်လာခဲ့သည်ဟုလည်း ၎င်းက မှတ်ချက်ပြုသွားသည်။

လက်ရှိတွင် တူရကီနိုင်ငံ၌ အရေးပေါ် အခြေအနေ သုံးလတာ ချမှတ်ထားပြီး လိုအပ်ပါက သက်တမ်းထပ်မံတိုးမြှင့်သွားနိုင်သည်ဟု တူရကီသမ္မတက ပြောကြားသွားသဖြင့် ၎င်းကို ဆန့်ကျင်သူများက ဝေဖန်လျက်ရှိသည်။

၁၉၈၀ စစ်အာဏာသိမ်းပွဲအပြီးတွင် အရေးပေါ် အခြေအနေ ကြေညာလိုက်မှု၊ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အရေးပေါ် အခြေအနေ ကြေညာမှု အတွေ့အကြုံများ ရှိထားခြင်းကြောင့် ယခုကဲ့သို့ အရေးပေါ် အခြေအနေ ထုတ်ပြန်မှုကို တူရကီ နိုင်ငံသားအချို့က စိုးရိမ်နေကြသည်။

ယင်းကဲ့သို့ ကြေညာမှုကြောင့် တူရကီသမ္မတ လက်ထဲတွင် အာဏာ အများစု ရောက်ရှိသွားပြီဖြစ်ပြီး အတိုက်အခံများအပေါ် ဖိနှိပ်မှုများ တိုးချဲ့လာမည်ကို စိုးရိမ်နေကြသည်။

လူဦးရေ သန်း ၈၀ ရှိပြီး စစ်တပ်အင်အား ၅၀၀,၀၀၀ ရှိသည့် တူရကီ နိုင်ငံတွင်း မတည်ငြိမ်မှုများ ပေါ်ပေါက်နေသည်ကို အနောက်နိုင်ငံများက စိုးရိမ်လျက်ရှိပြီး အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွ အဖွဲ့ချေမှုန်းရေးတွင် အားလျော့သွားမည်ကို အမေရိကန် ပြည်ထောင်စုက စိုးရိမ်လျက်ရှိသည်။


  • VIA