News

POST TYPE

FOREIGN AFFAIRS

နယူးယောက် ဗုံးခွဲမှု သံသယရှိသူကို ဖမ်းမိ၊ ရဲတပ်ဖွဲ့ဝင်များကို သတ်ရန် ကြံစည်အားထုတ်မှုဖြင့် စွဲချက်တင်ထား
20-Sep-2016
နယူးယောက်၊ စက်တင်ဘာ ၂၀

စနေနေ့က နယူးယောက်နှင့် နယူးဂျာစီတို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအတွက် သံသယရှိသူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များကို သတ်ရန် ကြံစည်အားထုတ်မှုဖြင့် စွဲချက်တင်ထားကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ဗုံးဖောက်ခွဲသည့် တရားခံအဖြစ် သံသယ ရှိနေသည့် အသက် ၂၈ နှစ်အရွယ် အာမတ်ခန်းရာဟာမီကို တနင်္လာနေ့က နယူးဂျာစီပြည်နယ်၊ လင်ဒန်မြို့တွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

၎င်းကို တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ဥပဒေနှင့် မညီသည့် ရည်ရွယ်ချက်ဖြင့် လက်နက်လက်ဝယ် ထားရှိမှုတို့ဖြင့်လည်း စွဲချက်တင်ထားကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရာဟာမီသည် စနေနေ့က နယူးယောက်နှင့် နယူးဂျာစီတို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများနှင့် တိုက်ရိုက်ပတ်သက်နေပြီး တနင်္ဂနွေနေ့က နယူးဂျာစီပြည်နယ်၊ အဲလစ်ဇဘတ်မြို့တွင် တွေ့ရှိခဲ့သည့် ပိုက်ဗုံးနှင့်လည်း ပတ်သက်နေသည်ဟု ယုံကြည်ရကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ရာဟာမီကို လင်ဒန်မြို့ရှိ ဘားဆိုင်ပိုင်ရှင်တစ်ဦး၏ သတင်းပေးပို့ချက်အရ စတင်ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘားဆိုင်ပိုင်ရှင်သည် တနင်္လာနေ့မနက်က ၎င်း၏ ဘားဆိုင်ရှေ့ တံခါးဝတွင် အိပ်ပျော်နေသူတစ်ဦးကို တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ယင်းအိပ်ပျော်နေသူမှာ သတင်းများတွင် ဖော်ပြနေသော ဗုံးပေါက်ကွဲမှုအတွက် အလိုရှိနေသူ ဖြစ်ကြောင်း မှတ်မိသွားကာ ရဲတပ်ဖွဲ့ထံ သတင်းပေး တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဘားဆိုင်ပိုင်ရှင်၏ သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရန် သွားရောက်စဉ် ရာဟာမီက ၎င်းတွင် ပါလာသော လက်လုပ်သေနတ်ဖြင့် ခုခံပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များကလည်း ၎င်းကို ပြန်လည်ပစ်ခတ်ခဲ့သည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့သလို ရာဟာမီမှာလည်း သေနတ်ဒဏ်ရာ အများအပြား ရရှိသွားခဲ့သည်။

လက်ရှိအချိန်တွင် ရာဟာနီမှာ ဆေးရုံတွင် ကုသမှု ခံယူနေရပြီး ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုများကို ပူးပေါင်းဖြေဆိုရန် ငြင်းဆန်လျက်ရှိသည်။

ကနဦး စစ်ဆေးမှုများအရ ရာဟာနီမှာ ဗုံးဖော်က်ခွဲမှုများတွင် အဓိက တာဝန်ရှိသူ ဖြစ်နိုင်ချေ များနေသော်လည်း ၎င်းတစ်ဦးတည်း ကျူးလွန်ခြင်း မဟုတ်ဘဲ အခြားပူးပေါင်းပါဝင်သူများ ရှိလိမ့်ဦးမည်ဟု တာဝန်ရှိသူများက ယူဆလျက်ရှိသည်။