News

POST TYPE

FOREIGN AFFAIRS

အီဂျစ်သမ္မတနှင့် ဒေါ်နယ်ထရမ့် တွေ့ဆုံမည်
20-Sep-2016
နယူးယောက်၊ စက်တင်ဘာ ၁၉

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် အီဂျစ်သမ္မတ ဖိဒယ်ဖာတာအယ်စီစီနှင့် တွေ့ဆုံရန် ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတလောင်း ဒေါ်နယ်ထရမ့် စီစဉ်ထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီဂျစ်သမ္မတ အယ်စီစီ၊ ယူကရိန်းသမ္မတ ပိုရိုရှန်ကိုတို့နှင့် တွေ့ဆုံမည်ဟု ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဟီလာရီ ကလင်တန် ထုတ်ပြန်လိုက်ပြီးနောက် အီဂျစ်သမ္မတနှင့် တွေ့ဆုံမည်ဟု ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေး ဝါလစ်ဖာရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး အတွေ့အကြုံ လုံးဝမရှိသေးသည့် နယူးယောက် အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်သူဌေး ဒေါ်နယ်ထရမ့်သည် နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်လျှင် စွမ်းဆောင်ရည်ရှိကြောင်း ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယခုကဲ့သို့နိုင်ငံခြား ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်း မက္ကဆီကို နိုင်ငံသို့ဒေါ်နယ်ထရမ့် သွားရောက်ခဲ့ပြီး သမ္မတ ပီနာနိုင်တိုးနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

သို့သော်လည်း နှစ်ဖက်တွေ့ဆုံပြီးသည့် နောက်တွင် အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း ကာရံရေးတွင် မည်သည့်ဘက်က ငွေကြေးထောက်ပံ့သင့်သည်နှင့် ပတ်သက်၍ အပြန်အလှန် အငြင်းပွားခြင်းဖြင့်သာ ပြီးဆုံးသွားခဲ့သည်။

ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဟီလာရီမှာမူ သမ္မတ အိုဘားမား လက်အောက်တွင် နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သလို၊ နယူးယောက်ပြည်နယ် အထက်လွှတ်တော်အမတ် အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။

အီဂျစ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်တွင်း သမ္မတ ဟော်စနီ မူဘာရတ်ကို လူထုတော်လှန်ရေးဖြင့် ရာထူးမှ ဖယ်ရှားလိုက်ပြီးနောက် နိုင်ငံတွင်း မတည်ငြိမ်မှုများနှင့် လုံးပန်းနေရပြီး မူဘာရတ် ရာထူးမှ ဖယ်ရှားရေးနှင့် ပတ်သက်၍ ကွန်ဆာဗေး တစ်ပိုဆန်သည့်နည်းဖြင့် ကိုင်တွယ်ရန် သမ္မတ အိုဘားမားကို ယင်းကာလ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီက အကြံပြုခဲ့သည်။

ယင်းနောက်တွင် ဒီမိုကရေစီနည်းအရ ရွေးကောက်ထားသည့် အစ္စလာမ္မစ်ဝါဒီ အီဂျစ်သမ္မတ မော်စီကို အီဂျစ်စစ်တပ် အကြီးအကဲ အယ်စီစီက ၂၀၁၃ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားလိုက်သည်

အစ္စလာမ္မစ် စစ်သွေးကြွများကို တိုက်ဖျက်ရေး အယ်စီစီ လုပ်ဆောင်နေခြင်းကို သမ္မတ အိုဘားမား ထိရောက်စွာ ကူညီခြင်း မရှိဟူ၍လည်း အမေရိကန် အောက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန်အမတ် အချို့က ဝေဖန်လျက်ရှိသည်။

အီရတ်နှင့် ဆီးရီးယားနိုင်ငံများရှိ အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွများကို တိုက်ခိုက်ရေး ပိုမိုတင်းကျပ်သည့် နည်းလမ်းများ အသုံးပြုရန် ဒေါ်နယ်ထရန့်က လိုလားလျက်ရှိပြီး အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယူဆရသည့် နိုင်ငံများမှ လာသည့် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်ခွင့်ကို ပိတ်ပင်သင့်သည်ဟူ၍လည်း ထရန့်က အဆိုပြုထားသည်။