News

POST TYPE

FOREIGN AFFAIRS

တရုတ်ပြည်ကိုဖြိုခွဲမည့် အစီအစဉ်မှန်သမျှ ဖျက်ဆီးချေမှုန်းမည်ဟု သမ္မတရှီ ပြောကြား
21-Mar-2018



ဘေဂျင်း၊ မတ် ၂၀

တရုတ်ပြည်သူ့ကွန်ဂရက် လွှတ်တော်ပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သော သမ္မတရှီကျင့်ဖျင်၏ မိန့်ခွန်းမှာအမျိုးသားရေး လေသံလွှမ်းမိုးနေပြီး တရုတ်နိုင်ငံသည် နိုးထလာသည့် ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်လာပြီဟု သုံးသပ်ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

ရှီက အလုံးစုံညီညွတ်ရေးသည် တရုတ်ပြည်သူအားလုံး၏ ဘုံမျှော်လင့်ချက်ဖြစ်ပြီး တရုတ်ပြည်ကိုခွဲခြမ်းမည့် အစီအစဉ်မှန်သမျှ ဖျက်ဆီးချေမှုန်းပစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လက်ရှိတိုးတက် ဖြစ်ထွန်းမှုများနှင့်ပင် ရောင့်ရဲနေမည် မဟုတ်ကြောင်းလည်း ရှီက ပြောကြားသွားသည်။

တရုတ်သည် ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် နှစ်မြှုပ်ဆောင်ရွက်လျက်ရှိကြောင်းလည်း တစ်နှစ်တစ်ကြိမ်သာလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် လီခယ့်ချန်က ပြောကြားသွားသည်။

တရုတ်စီးပွားရေးကို ယခုထက် ပိုမိုတံခါးဖွင့်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကျယ်ပြန့်သောဈေးကွက်တွင် မျှတသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြည်တွင်းရော၊ ပြည်ပလုပ်ငန်းများမှာပါ ယှဉ်ပြိုင်ခွင့်ရစေမည် ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။ တရုတ်သည် ယခင်ကလည်း အလားတူ ကတိပေးခဲ့ဖူးသည်။

ဝန်ကြီးချုပ်၏ မှတ်ချက်မှာအမေရိကန်မှ ထရမ့်အစိုးရ၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးလေသံနှင့် အခွန်စည်းကြပ်မှုများ ပြုလုပ်မည်ဆိုသော ခြိမ်းခြောက်မှုများနှင့် ဖီလာဆန့်ကျင်ဖြစ်လျက်ရှိသည်။

အခြေခံဥပဒေပါ သမ္မတသက်တမ်း နှစ်ကြိမ်ထက်ပို၍ တာဝန်မထမ်းဆောင်ရဆိုသော ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီဖြစ်သောကြောင့် ၂၀၁၃ တွင် သမ္မတဖြစ်လာခဲ့သော ရှီကျင့်ဖျင်သည် တစ်သက်တာသမ္မတအဖြစ် ထမ်းဆောင်ခွင့်ရှိသွားပြီဖြစ်သည်။

မော်စီတုန်းနောက်ပိုင်း ဩဇာအကြီးဆုံး တရုတ်ခေါင်းဆောင်ဟု ယူဆလောက်ဖွယ် အာဏာချုပ်ကိုင်နိုင်စွမ်းရှိလာသည့် ရှီသည် ယခုတစ်ကြိမ်တရုတ်ပြည်သူ့ ကွန်ဂရက်လွှတ်တော် အစည်းအဝေးအတွင်း သူ၏မဟာမိတ်များကို အဓိကရာထူးနေရာများတွင် ခန့်အပ်နိုင်ခဲ့သည်။

မဟာပြည်သူ့ခန်းမတွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် မိန့်ခွန်းပြောရာ၌ တရုတ်သမိုင်း၏ အဓိကအောင်မြင်မှုများကို ထည့်ပြောသွားခဲ့ပြီး ယမ်းကို တီထွင်နိုင်ခဲ့မှုနှင့် ကွန်ဖြူးရှပ် မှတ်တမ်းများအကြောင်းကို ထည့်ပြောသွားခဲ့သည်။

တရုတ်အနာဂတ် မျှော်မှန်းချက်ကိုလည်း ချပြသွားခဲ့ပြီး ဆိုရှယ်လစ်ဝါဒသာ တရုတ်ပြည်ကို ကယ်တင်နိုင်မည်ဟု သမိုင်းက သက်သေပြပြီးဖြစ်သည်ဟု ပြောကြားသွားသည်။ 
 
F-03

  • VIA