News

POST TYPE

FOREIGN AFFAIRS

ဆီးရီးယား လေကြောင်းတိုက်ခိုက်မှုတွင် ကလေးများသေဆုံးခဲ့သောကြောင့် အစိုးရကို ကုလ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ အပြစ်တင်
21-Mar-2018



ဒမတ်စကတ်၊ မတ် ၂၀

ရုရှား လေကြောင်းတိုက်ခိုက်မှုအတွင်း အရှေ့ဂုတ်တားရှိ စာသင်ကျောင်း မြေအောက်ထပ်ကိုထိမှန်ကာ အနည်းဆုံး ကလေး ၁၅ ဦးသေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တနင်္လာနေ့က ထုတ်ပြန်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

အရပ်သားများခိုလှုံနေသော ကျောင်းကို ရုရှားတို့က ပစ်ခတ်ခဲ့ကြောင်းနှင့် များသောအားဖြင့် ညပိုင်းတွင် ဆီးရီးယား စစ်လေယာဉ်များ ထွက်လေ့မရှိဘဲ ရုရှားစစ်လေယာဉ်များသာ ထွက်လေ့ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားကြသည်။

အဆိုပါတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ ၅၂ ဦးရှိသည်ဟု သိရှိရသည်။ ဒဏ်ရာရသူများတွင် အချို့မှာ စိုးရိမ်ရသော အခြေအနေရှိပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်သည်ဟု လူ့အခွင့်အရေးအဖွဲ့ အကြီးအကဲ ရာမီအဗ္ဗဒူရာမန်က ဂျာမန်သတင်းဌာနသို့ ပြောကြားသွားသည်။ 

“စာသင်ကျောင်း မြေအောက်ထပ်မှာ ပုန်းနေတဲ့သူတွေက စာသင်ကျောင်းကိုတော့ မပစ်လောက်ပါဘူးလို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အာဆတ်နဲ့ ရုရှားတွေကတော့ ကလေးတွေကိုတောင် အလွတ်မပေးဘူး။ အရှေ့ဂုတ်တားမှာ ဘေးကင်းတဲ့နေရာ မရှိတော့ဘူး”ဟု ၎င်းက ပြောကြားသည်။

ရုရှား၏ လေကြောင်းပစ်ကူဖြင့် အရှေ့ဂုတ်တားဒေသကို ဝိုင်းပတ် ထိုးဖောက်နေသော ဆီးရီးယားစစ်တပ်၏ ထိုးစစ်ကြောင့် အရပ်သားများ ထွက်ပြေးတိမ်းရှောင်နေရပြီး ကမ္ဘာမြေ၏ ငရဲဘုံဖြစ်နေပြီဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်စ်က မှတ်ချက်ပေးသွားသည်။

ကြာသပတေးနေ့ တစ်ရက်တည်းမှာပင် ထွက်ပြေးလာသော အရပ်သား ၅၀,ဝ၀၀ ခန့်ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့က ခန့်မှန်းသည်။

တနင်္လာနေ့က ကုလလုံခြုံရေးကောင်စီ အလွတ်သဘောအစည်းအဝေးတွင် ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိဒ်ရီအက်အယ်လ်ဟူစိန်က ဆီးရီးယားအစိုးရ၏ ငါးနှစ်ကြာ အရှေ့ဂုတ်တား ဝိုင်းပတ်ပိတ်ဆို့မှုတွင် အစာဖြတ်ခြင်းနှင့် ဓာတုလက်နက် အသုံးပြုခြင်းတို့ကြောင့် စစ်ရာဇဝတ်မှုများ ပါဝင်ပတ်သက်နေသည်ဟု ပြောကြားလိုက်သည်။

လုံခြုံရေးကောင်စီ၏ တရားဝင်အစည်းအဝေးတွင် ဇိဒ် မိန့်ခွန်းမပြောနိုင်စေရန် ရုရှားက လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ဖြင့် တားမြစ်ပိတ်ပင်ခဲ့သည်။

မဟာမင်းကြီးဇိဒ်သည် ဆီးရီးယားအစိုးရနှင့် သမ္မတအာဆတ်ကို ပြတ်ပြတ်သားသား ထုတ်ဖော်ဝေဖန်သူဖြစ်သည်။

အရပ်သားများကို ကာကွယ်ပေးရန် ကြိုးစားခဲ့သည်ဟု ခုခံငြင်းဆန်နေသော အာဏာရှင်အာဆတ်ကို ကန့်ကွက်လိုက်သည့် မဟာမင်းကြီးဇိဒ်က “ခင်ဗျားရဲ့ပြည်သူတွေကို ခင်ဗျား နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်နေသမျှ ခင်ဗျားရဲ့ ယုံကြည်စိတ်ချရမှု သိက္ခာတွေကို ဆုံးရှုံးနေရမှာပဲ”ဟု ပြောကြားခဲ့သည်။

“ဆီးရီးယားမှာ စိတ်ထိခိုက်ဖွယ် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သူတွေ၊ ကျူးလွန်နေဆဲသူတွေဟာ ခိုင်မာတဲ့ဥပဒေတစ်ရပ် ထွက်ပေါ်မလာခင်မှာ ဖြေရှင်းချက်ပေးရပါလိမ့်မယ်”ဟုလည်း မဟာမင်းကြီး ဇိဒ်က ပြောကြားထားသည်။

ဆီးရီးယားအစိုးရကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးသို့တင်ရန် မဟာမင်းကြီး ဇိဒ်က နောက်တစ်ကြိမ် တိုက်တွန်းနေသော်လည်း ၂၀၁၄ ခုနှစ်ကကဲ့သို့ တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာဖြင့် ပယ်ချဖွယ်ရှိသောကြောင့် ဖြစ်နိုင်ခြေမရှိသေးပေ။

မဟာမင်းကြီး ဇိဒ်က တနင်္လာနေ့က လုံခြုံရေးကောင်စီ တရားဝင်အစည်းအဝေးတွင် မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း ရုရှားဒုတိယသံအမတ် ကုဇမင်က ထိုကိစ္စသည် ဂျနီဗာ လူ့အခွင့်အရေးကောင်စီနှင့် သက်ဆိုင်ပြီး လုံခြုံရေးကောင်စီနှင့်မဆိုင်ဟု အကြောင်းပြကာ ကန့်ကွက်ခဲ့သည်။

ပြင်သစ်သံအမတ်ကြီးနှင့် ဗြိတိန်သံအမတ်ကြီးတို့က ရုရှားသည် လူ့အခွင့်အရေးချိုးဖောက်မှု အဖြစ်မှန်များ ထွက်ပေါ်လာမည်ကို လိုလားပုံမရကြောင်း ပြစ်တင်ရှုတ်ချလိုက်ကြသည်။ 

F-04

  • VIA