News

POST TYPE

FOREIGN AFFAIRS

ထရပ်ကား တိုက်ခိုက်မှု IS အဖွဲ့၏ လက်ချက်ဖြစ်ဟု ကြေညာပြီးနောက် ပြင်သစ်တွင် သံသယရှိသူ သုံးဦးကို ရဲက ဖမ်းဆီး
18-Jul-2016 tagged as ပြင်သစ်

ပဲရစ်၊ ဇူလိုင် ၁၇

ပြင်သစ်နိုင်ငံ နိုက်စ်မြို့တွင် ဘာစတီလီ အမျိုးသားနေ့ ကျင်းပနေစဉ် ထရပ်ကားဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ၈၄ ဦး သေဆုံးမှုကို IS အဖွဲ့က ၎င်းင်းတို့လက်ချက်ဟု စနေနေ့က ကြေညာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သံသယရှိသူသုံးဦးထက် မနည်း ဖမ်းဆီးခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

နိုက်စ်မြို့တွင် လူအုပ်ကို ထရပ်ကားဖြင့် ဝင်တိုက်ခဲ့သူသည် IS တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး IS အဖွဲ့ကို တိုက်ခိုက်နေသော ရန်သူအနောက်အုပ်စု နိုင်ငံသားများကို ပစ်မှတ်ထား လုပ်ကြံခဲ့ခြင်း ဖြစ်သည်ဟု IS အဖွဲ့၏ သတင်းထုတ်ပြန်ရေး ဌာနတစ်ခု ဖြစ်သော ဗာဆေက တယ်လီဂရမ်တွင် ကြေညာခဲ့သည်။

ဖြစ်စဉ်အတွင်း ရဲများက အသေပစ်ခတ် ဖမ်းဆီးခဲ့သော ၃၁ နှစ်အရွယ် တူနီးရှားလူမျိုး လူသတ်သမားနှင့် ပတ်သက်၍ ရယ်ဒီကယ်အစ္စလာမ် ဖြစ်သွားသည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရသေးသော်လည်း မြန်ဆန်စွာ ပြောင်းလဲသွားခဲ့ဖွယ် ရှိသည်ဟု ပြည်ထဲရေးဝန်ကြီး  ဘားနတ်ကာဇီနူဗီက ပြောကြားသည်။ 
“တကယ့်ကို မြန်မြန်ဆန်ဆန် အစွန်းရောက် ပြောင်းလဲသွားခဲ့ပုံ ရပါတယ်။ ဘယ်ကိစ္စမဆို နီးစပ်တဲ့သူတွေရဲ့ ထွက်ဆိုချက်တွေကနေ အထောက်အထားတွေ ထွက်ပေါ်လာတတ်ပါတယ်” ဟု ကာဇီနူဗီက သတင်းထောက်များကို ပြောကြားသည်။
 
တူနီးရှားနေအိမ်မှ Reuters သို့ ဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုသော ဘိုလယ်၏ ညီမဖြစ်သူက သူမ၏ အကိုသည် ၂၀၀၅ တွင် ပြင်သစ်သို့ ထွက်ခွာသွားစဉ် ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေခဲ့သည်ဟု ပြောကြားသည်။

နိုက်စ်မြို့တွင် တွေ့ဆုံမေးမြန်းခဲ့သော ၎င်း၏ ဆွေမျိုးများ၊ မိတ်ဆွေများကမူ အစ္စလာမ္မစ် စစ်သွေးကြွ အယူအဆများ လေ့လာခဲ့သည့် ကိစ္စကို သံသယရှိကြောင်း မှတ်ချက်ပေးကြသည်။

ပြင်သစ်တွင် ၁၀ နှစ်ခန့် နေထိုင်ခဲ့သူ ဘိုလည်သည် ကြာသပတေးနေ့ညက ပြင်သစ်အမျိုးသားနေ့ အထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်လွှတ်နေသော ပင်လယ်ကမ်းစပ်ရှိ လူအုပ်ထဲသို့ နှစ်ကီလိုမီတာခန့် မောင်းနှင်တိုက်ခိုက်ခဲ့ပြီး ရဲများက အသေပစ်ခတ် ဖမ်းဆီးမှုကြောင့် ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။