News

POST TYPE

FOREIGN AFFAIRS

ဆော်ဒီအမျိုးသမီးများကို အဘေယာ ကိုယ်လုံးပြည့်ခြုံထည် မဖြစ်မနေဝတ်ခိုင်းရန် မသင့်ဟု ထိပ်တန်းဘာသာရေးခေါင်းဆောင်ပြောကြား
13-Feb-2018



ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၁၂

ဆော်ဒီအမျိုးသမီးများ လူမြင်ကွင်းတွင် သွားလာပါက အဘေယာ ကိုယ်လုံးပြည့် ခြုံထည်ကြီးများ မဖြစ်မနေဝတ်ခိုင်းခြင်းမှာ မသင့်လျော်တော့ကြောင်း ဆော်ဒီထိပ်တန်း ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

ဘာသာရေးပညာရှင်ကြီးများ ကောင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရှိတ်အဗ္ဗဒူလာ အယ်လ်မွတ်လက်က အမျိုးသမီးများသည် လုံခြုံစွာဝတ်စားသင့်သော်လည်း အဘေယာကိုသာ မဖြစ်မနေဝတ်ရမည်ဟူ၍ မဖြစ်သင့်ကြောင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဆော်ဒီအာရေဗျ ဥပဒေအရ အမျိုးသမီးများမှာ လူမြင်ကွင်းသို့သွားပါက အဘေယာ ကိုယ်လုံးပြည့် ခြုံထည်များဝတ်ဆင်ရန် လိုအပ်သည်။

ဆော်ဒီလူ့အဖွဲ့အစည်းကို ခေတ်မီစေရန် ပြုပြင်ပြောင်းလဲပြီး အမျိုးသမီးများအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးနေချိန်တွင် ယခုကဲ့သို့ ဘာသာရေးပညာရှင်တစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းမှာ အလွတ်သဘောပြောခြင်းမျိုးထက် အနာဂတ်တွင် ဆော်ဒီဥပဒေ၌ ဖြေလျှော့မှုများ ပြုပေးလာနိုင်သည့် အရိပ်အယောင် ပြသလိုက်ခြင်းဟု ဆိုနိုင်သည်။

“မွတ်ဆလင်ကမ္ဘာက ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင်အမျိုးသမီး ၉၀ ရာခိုင်နှုန်းဟာ အဘေယာ ခြုံထည်မဝတ်ကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း ပြည်သူတွေကို အတင်းအကျပ်ကြီး ဝတ်ခိုင်းဖို့မသင့်ပါဘူး”ဟု ရှိတ်မွတ်လက်က ပြောကြားခဲ့သည်။

ရှိတ်ခ်မွတ်လက်၏ မှတ်ချက်နှင့်ပတ်သက်ပြီး အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် ထောက်ခံမှုများ၊ ဝေဖန်မှုများ အမျိုးမျိုးထွက်ပေါ်နေသည်။

သူစိမ်းအမျိုးသားများက မြင်တွေ့နိုင်သောနေရာများတွင် အဘေယာခြုံထည်မဝတ်ဘဲ သွားလာသူများကို ဘာသာရေးရဲများက ကြိမ်ဒဏ်ပေး ဆုံးမလေ့ရှိသည်။ ၂၀၁၆ ခုနှစ်အတွင်းက မြို့တော်ရီယာ့ဒ်တွင် လမ်းမကြီးပေါ် အဘေယာခြုံထည် ချွတ်ပစ်ခဲ့သည့် ဆော်ဒီအမျိုးသမီးတစ်ဦး အဖမ်းခံခဲ့ရဖူးသည်။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်း ဆော်ဒီအမျိုးသမီးများသည် ရိုးရာ အနက်ရောင် အဘေယာခြုံထည်များနေရာတွင် ရောင်စုံခြုံထည်များ အစားထိုးဝတ်ဆင်မှုမျိုး ရှိလာခဲ့သလို စကတ်အရှည် သို့မဟုတ် ဂျင်းဘောင်းဘီအပေါ်တွင် ဖွင့်ထားသည့် အဘေယာခြုံထည်ကို ထပ်ဝတ်ခြင်းမျိုးလည်း ရှိလာခဲ့သည်။

ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ရာ အမျိုးသမီးများ ကားမောင်းခွင့် ပိတ်ပင်ထားမှုကို ၂၀၁၇ စက်တင်ဘာတွင် ဖယ်ရှားပေးခဲ့သည်။ ယင်းလတွင်ပင် ဆော်ဒီအမျိုးသားနေ့ ပျော်ပွဲရွှင်ပွဲများတွင် အမျိုးသမီးများ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့သည်။ ပြီးခဲ့သည့်လကလည်း မြို့ကြီးအချို့တွင် အမျိုးသမီးများက ဘောလုံးကွင်းအတွင်း ဝင်ရောက်ပြီး ဘောလုံးပွဲ တိုက်ရိုက်ကြည့်ရှုခွင့်ပေးခဲ့သည်။

ယမန်နှစ်က ပုဂ္ဂလိကရုပ်ရှင်ရုံများ ပိတ်ပင်ထားမှုကို ဖယ်ရှားပေးခဲ့ပြီး ယခုနှစ်မတ်လတွင် ပထမဆုံးရုပ်ရှင်အချို့ စဖွင့်နိုင်ရန် မျှော်လင့်ထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက နိုင်ငံအတွင်း အမျိုးသမီး အဆိုတော်တစ်ဦး၏ ဖျော်ဖြေပွဲကို ပထမဆုံးခွင့်ပြုပေးခဲ့သည်။

သို့သော်လည်း ဆော်ဒီအမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်ပြီး တင်းကျပ်စွာ ပိတ်ပင်ထားမှုများစွာ ယခုအချိန်အထိ ရှိနေဆဲဖြစ်သည်။ အဓိကအားဖြင့် အမျိုးသားအုပ်ထိန်းသူ၊ စောင့်ရှောက်သူမပါဘဲ ဆော်ဒီအမျိုးသမီးများမှာ မိမိသဘောဆန္ဒအလျောက် လုပ်ပိုင်ခွင့် မရှိသလောက် တင်းကျပ်ခံထားရသည်။

F-03

  • VIA