News

POST TYPE

FOREIGN AFFAIRS

ဂျာမန်ညွန့်ပေါင်းအစိုးရအဖွဲ့သစ်တွင် ငယ်ရွယ်သူများကို ဝန်ကြီးအဖြစ်ခန့်အပ်ရန် အဓိပတိမာကယ်လ် ဆန္ဒရှိ
13-Feb-2018 tagged as ဂျာမနီ အဓိပတိ



ဘာလင်၊ ဖေဖော်ဝါရီ ၁၂ 

ဂျာမန်ညွန့်ပေါင်းအစိုးရအဖွဲ့၏ ဝန်ကြီးအဆင့် ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ရန် ဂျာမနီအဓိပတိ အင်ဂျလာမာကယ်လ်က ၎င်း၏ပါတီမှ အသက်အရွယ်ငယ်သူ ပါတီဝင်များကို တိုက်တွန်းပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

စက်တင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ညွန့်ပေါင်းအစိုးရဖွဲ့ရန် လေးလကျော်ကြာမြင့်ခဲ့ရာမှ မကြာသေးခင်က လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက် (SPD) ပါတီနှင့် ညွန့်ပေါင်းဖွဲ့ရန် သဘောတူညီချက် ရယူနိုင်ခဲ့ပြီးနောက် အင်ဂျလာမာကယ်လ်က ဝန်ကြီးရာထူးများနေရာတွင် အသက်အရွယ်ငယ်သော ပါတီဝင်များ ဝင်ရောက်တာဝန်ယူရန် တိုက်တွန်းခြင်းဖြစ်သည်။ 

“အသက် ၆၀ ကျော်အရွယ်တွေကိုပဲ စဉ်းစားမှာမဟုတ်ဘဲ အသက်ငယ်တဲ့ သူတွေကိုလည်း ဝန်ကြီးရာထူးတွေအတွက် စဉ်းစားမယ်ဆိုတာကို ကျွန်မတို့အနေနဲ့ အသိပေးချင်ပါတယ်”ဟု German TV နှင့် တွေ့ဆုံခန်းတွင် အင်ဂျလာမာကယ်လ်က ပြောကြားသွားသည်။ 

အဆိုပါ SPD ပါတီနှင့် ညွန့်ပေါင်းဖွဲ့ရန်ရခဲ့သော သဘောတူညီချက်သည် မာကယ်လ်၏ ကွန်ဆာဗေးတစ်တို့အတွက် ကြီးမားသော ထိခိုက်နစ်နာမှုဖြစ်သည်ဟူသော ထင်ကြေးပေး ပြောဆိုချက်များကိုလည်း ၎င်းက အဆိုပါအင်တာဗျူးတွင် ခုခံကာကွယ်ခဲ့သည်။ 

သို့သော်လည်း ယင်းသဘောတူညီ ချက်ကိစ္စကို SPD ပါတီမှ အဖွဲ့ဝင်ပေါင်း ၄၆၀,၀၀၀ ၏ သဘောတူညီချက်ရယူရန် လိုအပ်ကြောင်း၊ ယင်းကိစ္စကို လာမည့်မတ်လတွင် သိရှိရမည်ဖြစ်ကြောင်း ဂျာမန်မီဒီယာများက ဖော်ပြသည်။ 

ညွန့်ပေါင်းအစိုးရအဖွဲ့သစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရမည့် အစီအစဉ်ကို SPD ပါတီခေါင်းဆောင် မာတင်ရှူးဇ်က စွန့်လွှတ်လိုက်ပြီး ယင်းကဲ့သို့ စွန့်လွှတ်ရခြင်းမှာ ညွန့်ပေါင်းအစိုးရအဖွဲ့ ကမောက်ကမ ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဟု ဖြေရှင်းထားသည်။ 

အင်ဂျလာမာကယ်လ်ကမူ“ကျွန်မတို့ အစိုးရအဖွဲ့သစ် စတင်နိုင်ပြီဆိုတဲ့အချက်ကို ထုတ်ဖော်ပြသဖို့လိုအပ်လာပါပြီ”ဟု ဆိုသည်။ 

မာကယ်လ်၏ CDU အနေနှင့် အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးနေရာ ခြောက်နေရာကို ခန့်အပ်ရမည်ဖြစ်ရာ ယင်းရာထူးများနှင့်ပတ်သက်၍ အသက်အရွယ်ငယ်သူများ ဝင်ရောက်လုပ်ကိုင်ရန် တိုက်တွန်းခြင်းဖြစ်သည်။ 

ထို့ပြင် ၎င်းက လာမည့် ၂၀၂၁ ခုနှစ် မတိုင်ခင်အထိ ဂျာမန်အဓိပတိအဖြစ် ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။ 

“ကိုယ်ပြောထားတဲ့ ကတိစကားအတိုင်း စွဲစွဲမြဲမြဲလုပ်ကိုင်ပြတဲ့ သူတွေထဲမှာ ကျွန်မလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်”ဟု ဂျာမန်ရုပ်သံလွှင့်ဌာန ZDF နှင့် ပြုလုပ်သော အဆိုပါအင်တာဗျူးတွင် ပြောကြားသွားသည်။  

F-01