News

POST TYPE

FOREIGN AFFAIRS

၁၉၈၂ နောက်ပိုင်း ဆီးရီးယားကို အကြီးမားဆုံး လေကြောင်းထိုးစစ်ကြီး ဆင်နွှဲလျက်ရှိဟု အစ္စရေးပြောကြား


ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၁၁ 

ယမန်နေ့က ဆီးရီးယားနိုင်ငံတွင် အစ္စရေးဂျက်တိုက်လေယာဉ် ပစ်ချခံရပြီးနောက် အစ္စရေးအစိုးရက ၎င်းတို့သည် ၁၉၈၂ ခုနှစ်နောက်ပိုင်း ဆီးရီးယား၌ အကြီးမားဆုံးထိုးစစ်ကြီးကို လုပ်ဆောင် နေခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အစ္စရေးတို့က ဆီးရီးယားနိုင်ငံ၏ လေကြောင်းကာကွယ်ရေးစနစ်များကို ကြီးမားသောအတိုင်းအတာဖြင့် ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ပြောကြားသည်။ 

ယင်းသို့သော ထိုးစစ်မျိုးသည် ၁၉၈၂ ခုနှစ် လက်ဘနွန်စစ်ပွဲနောက်ပိုင်း အကြီးမားဆုံးထိုးစစ်ကြီးဖြစ်သည်ဟု အစ္စရေးလေတပ်မှ ဗိုလ်ချုပ်ကြီးတိုမာဘားက ပြောကြားသည်။ 

ယမန်နေ့က အစ္စရေးမြောက်ပိုင်း ဆီးရီးယားနယ်စပ်ဒေသ၌ အစ္စရေးတိုက် လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရသော်လည်း ပိုင်းလော့နှစ်ဦးမှာ လေထီးဖြင့် ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့သည်ဟု အစ္စရေးလေတပ်က ပြောကြားသည်။ 

အစ္စရေးတို့အဆိုအရ ၎င်းတို့သည် ဆီးရီးယားနိုင်ငံအတွင်းရှိ ဆီးရီးယားနှင့် အီရန်စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက် ချေမှုန်းနေခြင်းဖြစ်သည်။ 

ဆီးရီးယားနိုင်ငံအတွင်း အစ္စရေးတို့ဝင်ရောက်ကာ လေကြောင်းထိုးစစ်ဆင်မှုများ ပြုလုပ်နေခြင်းသည် ပုံမှန်မဟုတ်သည့် အနေအထားမျိုးမဟုတ်ကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် BBC သတင်းထောက် တွမ်ဘာတီမန်းက ပြောကြားသည်။ သို့သော် အစ္စရေးဂျက်တိုက်လေယာဉ် ပစ်ချခံရသည့်ကိစ္စမှာမူ ထူးခြားသည့် ဖြစ်စဉ်တစ်ရပ်ဟု ဆိုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

စနေနေ့ညနေပိုင်းက မိန့်ခွန်းပြောကြားရာတွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင်နေတန်ညာဟုက ၎င်းသည် အစ္စရေးစစ်ဘက် အရာရှိကြီးများနှင့် ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။ အစ္စရေးအနေနှင့် ငြိမ်းချမ်းရေးကို လိုလားခဲ့ကြောင်း၊ သို့သော် မိမိတို့ကို တိုက်ခိုက်လာမည့် သူမှန်သမျှ သို့မဟုတ် ဆီးရီးယားတွင် အခြေစိုက်ကာ မိမိတို့ကို တိုက်ခိုက်ရန် ကြိုးပမ်းနေသည့် အီရန်တို့၏ ကြိုးပမ်းချက်မှန်သမျှကို ခုခံချေမှုန်းသွားမည်ဖြစ်ကြောင်း နေတန်ညာဟုက ပြောကြားသည်။ 

အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူကမူ အစ္စရေးကိုတိုက်ခိုက်မည့် အီရန်ဒရုန်းတစ်စင်းကို အစ္စရေးတိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းက ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါဒရုန်းအား ပစ်ချခဲ့ပုံကို Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။ 

အစ္စရေး ဂျက်တိုက်လေယာဉ်များက ဆီးရီးယားကို တိုက်ခိုက်ခဲ့သလို အီရန်ပစ်မှတ်များကိုလည်း ချေမှုန်းနိုင်ခဲ့သည်ဟု ဆိုသည်။ 

ယမန်နေ့က ပျက်ကျသွားသော အစ္စရေးဂျက်တိုက်လေယာဉ်မှာ အစ္စရေးမြောက်ပိုင်း ဟာဒတ်ဖ်မြို့အနီး ကွင်းပြင်သို့ ကျရောက်ခဲ့သည်။  

F-01