News

POST TYPE

FOREIGN AFFAIRS

ဟောင်ကောင်တွင် ခရီးသည်တင် နှစ်ထပ်ဘတ်စ်ကားတိမ်းမှောက်၊ ၁၉ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ
12-Feb-2018



ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၁

ဟောင်ကောင်တွင် စနေနေ့ညနေပိုင်းက ခရီးသည်တင် နှစ်ထပ်ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာလူ ၁၉ ဦးသေဆုံးပြီး ၆၅ ဦး ဒဏ်ရာရရှိသွားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါဘတ်စ်ကားသည် အရှိန်ပြင်းစွာ မောင်းနှင်ခဲ့ရာမှ တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု သတင်းက ဆိုသည်။ 

ဟောင်ကောင် ရုပ်သံလွှင့်ဌာနတစ်ခု၏ ထုတ်လွှင့်တင်ဆက်မှုတွင် တိမ်းမှောက်နေသော ဘတ်စ်ကားထဲတွင် ပိတ်မိနေသူများကို မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်နေပုံများ ပါရှိသည်။ တိမ်းမှောက်မှုကြောင့် နှစ်ထပ်ဘတ်စ်ကား၏ ခေါင်မိုးပိုင်းမှာ ကွဲထွက်သွားသည်။ 

အာဏာပိုင်များအဆိုအရ ယင်းဘတ်စ်ကားသည် ဟောင်ကောင်မြောက်ပိုင်းဒေသ တိုင်ပိုမြို့အနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် အဆိုပါ ဘတ်စ်ကားမောင်းသူကို လူသေဆုံးစေမှု၊ အန္တရာယ်ဖြစ်အောင် မောင်းနှင်မှုတို့ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ 

ဟောင်ကောင်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ယင်းဘတ်စ်ကားပေါ် လိုက်ပါလာသူ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီးလေးဦးတို့မှာ ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဖော်ပြသည်။ 

ထို့ပြင် အမျိုးသား ၆၃ ဦးနှင့် အမျိုးသမီးသုံးဦးတို့ ဒဏ်ရာရရှိသွားရာ နီးစပ်ရာ ဆေးရုံအသီးသီးသို့ပို့ကာ ကုသပေးလျက်ရှိသည်ဟု ဆိုသည်။ သို့သော် အမျိုးသားတစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားရာ သေဆုံးသူစုစုပေါင်း ၁၉ ဦးရှိသွား ပြီဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ ဖြစ်ရပ်ဆိုးကြီးနှင့်ပတ်သက်၍ ဟောင်ကောင်ရဲတပ်ဖွဲ့က အသေးစိတ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုလည်း ဟောင်ကောင်အစိုးရအဖွဲ့က ပြောကြားသည်။ 

“ယာဉ်မောင်းက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးပါ။ သူ့ကို အန္တရာယ်ဖြစ်အောင် မောင်းနှင်မှု၊ လူသေဆုံးစေမှု၊ ဒဏ်ရာအနာတရဖြစ်စေမှု စတဲ့ အမှုတွေနဲ့ဖမ်းဆီးထားတယ်။ သူ့ကို အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်”ဟု အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် သေဆုံး သို့မဟုတ် ဒဏ်ရာရသူအများစုမှာ အပေါ်ထပ်တွင် လိုက်ပါလာသူများဖြစ်သည်ဟု ဟောင်ကောင်မီးသတ်ဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ 

ယာဉ်မောင်းသည် ကန့်သတ်ထားသည့် အရှိန်ထက် ပိုမိုမောင်းနှင်ခဲ့ပုံရကြောင်း၊ သို့အတွက်ကြောင့်ပင် ဆင်ခြေလျှောနေရာတစ်ခုတွင် ကားကိုမထိန်းနိုင်တော့ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဟောင်ကောင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ လီချီဝေက သတင်းထောက်များကို ပြောကြားသည်။ 

ယာဉ်မောင်းမှာ တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်းနှင့် အရက်သေစာ သောက်စားထားခြင်းမျိုး မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ 

အဆိုပါဘတ်စ်ကားတွင် လိုက်ပါလာသော ခရီးသည်များအဆိုအရ ယင်းဘတ်စ်ကားသည် မတိမ်းမှောက်မီ အရှိန်ပြင်းစွာ မောင်းနှင်ခဲ့ကြောင်း သိရသည်။ 

F-01

  • VIA