News

POST TYPE

FOREIGN AFFAIRS

ညွန့်ပေါင်းစီမံကိန်းအချို့ကို ဟန့်တားမည်ဟု မာကယ်လ်၏ ပါတီတွင်းမှ အင်အားစုအချို့ ကြေညာ
12-Feb-2018 tagged as ဂျာမနီ အဓိပတိ



ဘာလင်၊ ဖေဖော်ဝါရီ ၁၁

ဂျာမနီအဓိပတိ မာကယ်လ်၏ ကွန်ဆာဗေးတစ်ဝါဒီ ခရစ်ယာန်ဒီမိုကရက်တစ် ယူနီယံ  (CDU) နှင့် ဆိုရှယ်ဒီမိုကရက် (SPU) တို့အကြား ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး သဘောတူညီချက်တွင် ပါဝင်သော စီမံကိန်းအချို့ကို ပိတ်ဆို့ဟန့်တားသွားမည်ဖြစ်ကြောင်း မာကယ်လ်၏ပါတီတွင်းမှ စီးပွားရေးလုပ်ငန်းများဆိုင်ရာ အင်အားစုများက ဖေဖော်ဝါရီလ ၁၀ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ညွန့်ပေါင်းအစိုးရသစ် မပေါ်ထွက်လာမီကပင် နှစ်ပါတီအကြား တင်းမာမှုမြင့်တက်လာခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

မူဝါဒအရေးတွင် နောက်ဆုံး အဆုံးအဖြတ်ဖြစ်သည်မှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးညှိနှိုင်းသူများ မဟုတ်ဘဲ လွှတ်တော်တွင်းမှ လွှတ်တော်အမတ်များသာ ဖြစ်သည်ဟု မာကယ်လ်၏ CDU ပါတီမှ ခရစ်ရှန်ဗွန်စတက်တန်က သတိပေးခဲ့သည်။

“ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး သဘောတူညီချက်ဟာ သမ္မာကျမ်းမဟုတ်ပါဘူး”ဟု ဗွန်စတတ်တန်က ဂျာမန် သတင်းစာတစ်စောင်ကို ပြောကြားခဲ့သည်။

ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရာတွင် ဘဏ္ဍာရေးဝန်ကြီးရာထူးကို ဗဟိုလက်ဝဲယိမ်း SPD ပါတီကို ပေးလိုက်သည့် ကိစ္စအတွက် ဗွန်စတတ်တန်က မာကယ်လ်ကို ဝေဖန်ထားသူဖြစ်သည်။

လွှတ်တော်အတွင်းမှ ကွန်ဆာဗေးတစ်အများစုမှာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အကျိုးအတွက် လှုံ့ဆော်ပေးခြင်း သို့မဟုတ် အဆိုပါအင်အားအတွင်း ပါဝင်လျက်ရှိသည်။

ညွန့်ပေါင်း သဘောတူညီချက်သာ အကောင်အထည်ပေါ်ခဲ့ပါက အဓိပတိနေရာ စတုတ္ထသက်တမ်း တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည့် မာကယ်လ်သည် သဘောတူညီချက် ရရှိရေးအတွကှ်SPD ပါတီကို အလျှော့ပေးရသည်မှာ များလွန်းကြောင်း ပါတီလူငယ်အဖွဲ့နှင့် ပါတီအတွင်း အချို့အင်အားစုများက ရှုမြင်ထားကြသည်။

ရွေးကောက်ပွဲအပြီး လေးလခန့်အထိ ဥရောပ၏အကြီးဆုံး စီးပွားရေး အင်အားကြီးနိုင်ငံတွင် အစိုးရသစ်မဖွဲ့နိုင်သေးရာ မာကယ်လ်သည် အသည်းအသန် ကြိုးပမ်းခဲ့ရသည်။

ဥရောပ သမဂ္ဂခေါင်းဆောင် နိုင်ငံအနေနှင့် ယူရိုငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှသာ သမဂ္ဂမှဗြိတိန်ခွဲထွက်မှု (ဘရိတ်ဇစ်) တို့ကို ဦးဆောင်ရမည်ဖြစ်ရာ ကိုယ့်ပြည်တွင်းတွင်ပင် အစိုးရမဖွဲ့နိုင်ပါက မတည်မငြိမ်မှုများ ဥရောပအပေါ်တွင်ပါ ရိုက်ခတ်မည်ကို စိုးရိမ်မှုများရှိခဲ့သည်။

မာကယ်လ်၏ CDU နှင့် သဘောတူညီချက်ယူခဲ့သော SPD မှာလည်း ၎င်းတို့ခေါင်းဆောင် မာတင်ရှုဇ်အပေါ် ဝေဖန်မှုများ ရှိနေသည်။ 

ရှုဇ်သည် ရွေးကောက်ပွဲမတိုင်မီက မာကယ်လ်၏ CDU နှင့် ညွန့်ပေါင်းထပ်မဖွဲ့တော့ဟု ကတိပေးထားသော်လည်း မာကယ်လ်အတွက် တခြားရွေးချယ်စရာ မဟာမိတ်မရတော့သည့် အဆုံးတွင် ညွန့်ပေါင်းဖွဲ့ရေးကို သဘောတူညီပေးခဲ့သည်။

သို့သော်လည်း ရှုဇ်က နိုင်ငံခြားရေးဝန်ကြီးနေရာ ပေးသည်ကို ငြင်းပယ်လိုက်ခြင်းဖြင့် ရာထူးနေရာအတွက် မဟုတ်ဘဲ တိုင်းပြည်၏ လိပ်ခဲတည်းလည်းဖြစ်နေသော နိုင်ငံရေးအခြေအနေ ပြေလည်စေရန်အတွက်သာ ညွန့်ပေါင်းဖွဲ့ရန် သဘောတူညီခြင်းဖြစ်ကြောင်း သက်သေပြခဲ့သည်။

ညွန့်ပေါင်းဖွဲ့စည်းမှုကို အတည်ပြုရန်မှာ SPD ပါတီဝင် လေးသိန်းကျော်၏ မဲဆန္ဒက အဆုံးအဖြတ်ပေးမည်ဖြစ်ပြီး စာတိုက်မဲစနစ်ဖြင့် မဲပေးထားကြရာ မတ်လ ၄ ရက်နေ့တွင် ရလဒ်ကို တရားဝင်ထုတ်ပြန်မည်ဖြစ်သည်။  

F-03