News

POST TYPE

FOREIGN AFFAIRS

တောင်နှင့် မြောက်ကိုရီးယားတို့ နွေးထွေးပွင့်လင်းသည့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်၊ မြောက်ကိုရီးယားသို့ လာရောက်ရန် သမ္မတမွန်ဂျေအင်း ဖိတ်ကြားခံရ
12-Feb-2018



ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ 

ဆောင်းရာသီ အိုလံပစ်ပွဲတော်သို့ စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် ပွင့်လင်းနွေးထွေးသော ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီက သတင်းထုတ်ပြန်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော ဆောင်းရာသီအိုလံပစ်ပွဲတော်သို့ မြောက်ကိုရီးယားနိုင်ငံက အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ပြီး ယင်းအဖွဲ့နှင့်အတူ ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်း၏နှမဖြစ်သူ ကင်ယိုဂျောင်လည်း လိုက်ပါသွားသည်။ 

သဘောထားပျော့ပျောင်းသည့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် အဆိုပါကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပုံများကို တောင်ကိုရီးယားမီဒီယာများက ထုတ်လွှင့်ပြသခဲ့ကြသည်။ 

ထိုသို့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုအပေါ် မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ချီးမွမ်းရေးသားခဲ့သော်လည်း တောင်ကိုရီးယားပြည်သူများက ကွန်မြူနစ်အစိုးရ၏ ရိုးစင်းမှုနှင့်ပတ်သက်၍ သံသယဖြစ်လျက်ရှိသည်ဟု Reuters သတင်းက ဆိုသည်။ 

အဆိုပါတွေ့ဆုံပွဲသည် နျူကလီးယားကိစ္စကြောင့် ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှုများ လွန်စွာမြင့်တက်နေချိန်တွင် တောင်နှင့်မြောက် ကိုရီးယားဆက်ဆံရေး၏ ထူးခြားတိုးတက်မှု တစ်ရပ်ဖြစ်သည်ဟု နိုင်ငံတကာမီဒီယာအချို့က ဖော်ပြထားကြသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့်တွေ့ဆုံရာတွင် မစ္စကင်ယိုဂျောင်က အစ်ကိုဖြစ်သူ ကင်ဂျုံအန်းကိုယ်တိုင် ရေးသားပေးပို့လိုက်သော စာတစ်စောင်ကို လွှဲပြောင်းပေးအပ်လိုက်ကြောင်း၊ ထို့ပြင် ကင်ဂျုံအန်း၏ သဘောထားနှင့် ဦးတည်ချက်တို့ကိုလည်း မွန်ဂျေအင်းကို အသိပေးပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ 

တောင်ကိုရီးယား အစိုးရအရာရှိကြီးများ၏ ပြောကြားချက်အရ အဆိုပါတွေ့ဆုံပွဲတွင် သမ္မတမွန်ဂျေအင်းသည် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းနှင့် လာရောက်တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခံခဲ့ရသည်။ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် မစ္စကင်ယိုဂျောင်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 

CNN သတင်းဌာန၏ ရေးသားဖော်ပြချက်အရ မြောက်ကိုရီးယားသို့ လာရောက်ရန် ဖိတ်ကြားမှုကို သမ္မတမွန်ဂျေအင်းက ယခုကိစ္စအတွက် နှစ်နိုင်ငံအနေနှင့် မှန်ကန်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးခြင်းဖြင့် အကောင်အထည်ဖော်သင့်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ 

ထို့ပြင် မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုအကြား ဆွေးနွေးပွဲပြုလုပ်ရန်လည်း လိုအပ်ကြောင်း သမ္မတမွန်ဂျေအင်းက ဖြည့်စွက်ပြောဆိုသွားသည်။ 

F-01

  • VIA