News

POST TYPE

FOREIGN AFFAIRS

အိမ်ရှင်အမျိုးသမီးနှင့် ကလေးငယ်များကို မီးရှို့သတ်ခဲ့သည့် အိမ်အကူ သေဒဏ်ကျ
11-Feb-2018


ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၁၁

တရုတ်နိုင်ငံတွင် အိမ်ရှင်၏ဇနီးဖြစ်သူနှင့် ကလေးငယ်များကို မီးရှို့သတ်ဖြတ်ခဲ့သည့် ကလေးထိန်း အမျိုးသမီးကို တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ဇူးစီတီရှိ တရားရုံးက မိသားစုငါးဦး၏ ကလေးထိန်းဖြစ်သူ မိုဟန်ဂျင်း(၃၅ နှစ်)ကို ယမန်နှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော မီးရှို့သတ်ဖြတ်မှုဖြင့် သေဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။ 

မိုဟန်ဂျင်း မီးရှို့သတ်ဖြတ်မှုကြောင့် အိမ်ရှင်၏ဇနီးဖြစ်သူနှင့် ကလေးငယ်သုံးဦးတို့ သေဆုံးခဲ့ရသည်။ အဆိုပါ အမှုပေါ်ပေါက်လာပြီးနောက် တရုတ်နိုင်ငံတွင် လူအများက တရားစီရင်ရေးကို အထူး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသလို မီးငြှိမ်းသတ်သည့် လုပ်ငန်းစဉ် နှောင့်နှေးခဲ့သည့်အတွက်လည်း အထူး ဝေဖန်စရာ ဖြစ်ခဲ့သည်။ 

အခင်းဖြစ်ပွားချိန်တွင် အဝေးသို့ ရောက်နေသော အိမ်ရှင်(ဖခင်ဖြစ်သူ) လင်ရှင်ဘင်း(၃၇ နှစ်)က တရုတ်လူမှု ကွန်ရက်စာမျက်နှာတွင် “ဇွန်လ ၂၂ ရက်နေ့က ကောင်းကင်ဘုံသို့ ရောက်သွားတဲ့ ကျွန်တော့်မိန်းမနဲ့ ကလေးတွေ”ဟုရေးသားခဲ့ရာ ယင်းလူမှုကွန်ရက်သုံးစွဲသူ ၁ ဒသမ ၃ ဘီလီယံက ဆင့်ပွားဖတ်ရှုခဲ့ကြသလို ကရုဏာလည်း သက်ခဲ့ကြသည်။ 

ကလေးထိန်း မိုဟန်ဂျင်းသည် လောင်းကစား အလွန်အမင်း စွဲလမ်းနေသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ကြွေးမြီများကြောင့် အိမ်ရှင်မိသားစုထံမှ ပိုက်ဆံ ချေးငှားခဲ့သလို ခိုးယူခြင်းလည်း ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ 

သောကြာနေ့က တရားစီရင်ရာတွင် တရားရုံးတော်က ဟန်ဇူးမြို့ရှိ နေအိမ် တိုက်ခန်းကို မိုဟန်ဂျင်း ကိုယ်တိုင် မီးရှို့ခဲ့ပြီး သူရဲကောင်းတစ်ဦးသဖွယ် ပြေးဝင်ကာ ကယ်တင်ရန် အကွက်ချ စီစဉ်ခဲ့ကြောင်း၊ ထို့နောက် ၎င်းသည် အိမ်ရှင်မိသားစုထံမှ စေတနာဖြင့် ငွေကြေး အမြောက်အမြား ပိုပေးလာမည်ကို မျှော်လင့်ခဲ့ကြောင်း ပြောကြားသည်။ 

သို့သော်လည်း မိုဟန်ဂျင်းက စီစဉ်သကဲ့သို့ ဖြစ်မလာဘဲ မီးမှာထိန်းချုပ်၍ မရနိုင်လောက်အောင် လောင်ကျွမ်းခဲ့ရာ ၎င်းကိုယ်တိုင် ထွက်ပြေးခဲ့ရကြောင်း၊ သို့အတွက်ကြောင့် ကလေးငယ်များ၏ မိခင် ဇူဇောင်ချန်းနှင့် အသက်ခြောက်နှစ်၊ ကိုးနှစ်နှင့် ၁၁ နှစ်အရွယ် ကလေးငယ်သုံးဦးတို့ မီးခိုးမွှန် အသက်ရှူကျပ်ကာ သေဆုံးခဲ့ကြောင်း တရားရုံးတော်က ဆိုသည်။ 

ဖခင်ဖြစ်သူ လင်ရှင်ဘင်းသည် အဆိုပါ အမှုအတွက် မျှတသည့် တရားစီရင်ရေး ပေါ်ပေါက်ရန် Weibo လူမှုကွန်ရက်တွင် အကောင့်ဖွင့်ခဲ့ရာ Follower  ၂ ဒသမ ၃ သန်းအထိ ရရှိခဲ့သည်။ 

“မကောင်းဆိုးဝါးမကတော့ နောက်ဆုံးမှာ တရားဥပဒေရဲ့ ပြစ်ဒဏ်ပေးတာခံ လိုက်ရပြီ။ သေဒဏ်တဲ့”ဟု သောကြောနေ့တွင် လင်ရှင်ဘင်းက ရေးသားဖော်ပြခဲ့သည်။

F-01