News

POST TYPE

FOREIGN AFFAIRS

ထရမ့်လက်ထောက် ဒေးဗစ်ဆိုရင်ဆန်သည် အိမ်တွင်းနှိပ်စက်ညှင်းပန်းမှု စွပ်စွဲချက်များကြောင့် ဒုတိယမြောက် နုတ်ထွက်ရသူဖြစ်


နယူးယောက်၊ ဖေဖော်ဝါရီ ၁၀

မိန့်ခွန်းရေးသူ အိမ်ဖြူတော်လက်ထောက် ဒေးဗစ်ဆိုရင်ဆန်သည် အိမ်တွင်း နှိပ်စက်ညှင်းပန်းမှု စွပ်စွဲချက်များကြောင့် ဒုတိယမြောက် နုတ်ထွက်ရသူ ဖြစ်လာသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက်လေ့ရှိပြီး ဒေါသတကြီး နှိပ်စက်လေ့ရှိသည်ဟု ဇနီးဟောင်းက စွပ်စွဲထားခြင်းကို ဒေးဗစ်ဆိုရင်ဆန်က ငြင်းဆန်ထားသည်။

အလားတူ နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်သည်ဟု ယခင်ဇနီးဟောင်းနှစ်ဦး၏ စွပ်စွဲချက်များကြောင့် ထရမ့်၏လက်ထောက် ရော့ပိုတာ နုတ်ထွက်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဒေးဗစ်ဆိုရင်ဆန် နုတ်ထွက်လိုက်ရခြင်းဖြစ်သည်။

ယင်းအရှုပ်အထွေးသည် အိမ်ဖြူတော် အရာရှိချုပ် ဂျွန်ကယ်လီအပေါ်တွင် ဖိအားများကျရောက်နေပြီး ဘယ်လောက်သိသလဲ၊ ဘယ်အချိန်ကသိသလဲ စသည့် မေးခွန်းများကို ရင်ဆိုင်နေရသည်။

ရော့ပိုတာစွပ်စွဲခံရသည့် ကိစ္စအပေါ် ကိုင်တွယ်ပုံကြောင့် နုတ်ထွက်စာတင်ခဲ့သည်ဟူသော သတင်းများကို ဂျွန်ကယ်လီနှင့် အိမ်ဖြူတော်နှစ်ဦးစလုံးက ငြင်းဆိုခဲ့ကြသည်။

ပြီးခဲ့သောအင်္ဂါနေ့က ဇနီးဟောင်းနှစ်ဦး၏ စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက်တွင် အိမ်ဖြူတော်အရာရှိချုပ်က ရော့ပိုတာ ၄၀ နှစ်ကို တကယ်ပင် ရိုးသားဖြောင့်မတ်သူ တစ်ဦးဖြစ်သည်ဟု အမွှန်းတင်ခဲ့သည်။

ဇနီးဟောင်းတစ်ဦးက မျက်ကွင်း အညိုအမဲစွဲအောင် အထိုးခံရကြောင်းနှင့် နောက်တစ်ဦးက ပိတ်လှောင်ခံရကြောင်း ရော့ပိုတာကို စွပ်စွဲထားကြသည်။

ထို့နောက် ဗုဒ္ဓဟူးနေ့တွင် နုတ်ထွက်ပေးလိုက်ရသော ရော့ပိုတာကို သောကြာနေ့တွင် ထရမ့်က နုတ်ဆက်ပွဲ ကျင်းပပေးခဲ့သည်။

ထရမ့်က“ဒီကိစ္စကိုမကြာသေးခင်ကမှ သိခဲ့ရပြီး အံ့အားသင့်ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ဘက်က ရှိနေမှာပါ။ သူ့အတွက် ခက်ခဲတဲ့ အချိန်မဟုတ်လား။ မစ္စတာပိုတာက အလုပ်ကြိုးစားတဲ့ သူတစ်ယောက်ပါ”ဟု အိမ်ဖြူတော် ဘဲဥပုံရုံးခန်းတွင် ပြောကြားခဲ့သည်။ ပိုတာအား စွပ်စွဲသူများကိုမူ ထရမ့်က မှတ်ချက်ပေးခြင်းမပြုခဲ့ပေ။

ထရမ့်၏ မှတ်ချက်များကို ဒီမိုကရက် ဒုတိယသမ္မတဟောင်း ဂျိုးဘီဒင်က ပြစ်တင်ဝေဖန်လိုက်ပြီး ပိုတာအပေါ် စွပ်စွဲချက်များကို ပေါ့လျော့အောင် ပြုလုပ်နေသည်ဟု ပြောကြားသည်။

အိမ်ဖြူတော်အရာရှိချုပ် ဂျွန်ကယ်လီသည် အစပိုင်းတွင် ရော့ပိုတာကို အမွှန်းတင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ထိုတိုင်ကြားမှုများကြောင့် တုန်လှုပ်မိကြောင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုကို လက်မခံနိုင်ကြောင်း ကြေညာချက်အသစ် ထုတ်ပြန်ခဲ့သည်။

ပိုတာ၏ ကိစ္စအပေါ် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဟုပ်ဟစ်၏ အငြင်းပွားဖွယ် ကိုင်တွယ်ပုံကို သမ္မတထရမ့်က ကျေနပ်မှုမရှိဟုလည်း ဆိုသည်။ ဟုပ်ဟစ်သည် ပိုတာကို အကာအကွယ်ပေးထားသော ကနဦးကြေညာချက်ကို ရေးသားရာတွင် ထရမ့်ကို တိုင်ပင်ခဲ့ခြင်းမရှိပေ။

F-04