News

POST TYPE

FOREIGN AFFAIRS

ယခင်နှစ်က ဖြစ်ထွန်းခဲ့သော ကမ္ဘာ့စီးပွားဥစ္စာ ၈၂ ရာခိုင်နှုန်းကို အချမ်းသာဆုံးသူကြွယ် ၁ ရာခိုင်နှုန်းက သိမ်းပိုက်
23-Jan-2018


မနီလာ၊ ဇန်နဝါရီ ၂၂ 

ပြီးခဲ့သောနှစ်အတွင်း ဖြစ်ထွန်းခဲ့သော စီးပွားဥစ္စာ ၈၂ ရာခိုင်နှုန်းကို ကမ္ဘာ့အချမ်းသာဆုံးသူကြွယ် ၁ ရာခိုင်နှုန်းက ရရှိခဲ့ကြပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ဖြစ်သော လူဆင်းရဲများက တစ်ပြားမှ မရခဲ့ကြဟု Oxfam က တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ဒါဗိုမြို့ ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် အချိန်ကိုက်ထုတ်ပြန်လိုက်သည့် Oxfam အစီရင်ခံစာတွင် ၂၀၁၀ နောက်ပိုင်း ကုဋေကြွယ်သူဌေးများ၏ ကြွယ်ဝမှုသည် သာမန်လုပ်သားများထက် ခြောက်ဆ ပိုမိုမြန်ဆန်စွာ ကြီးထွားခဲ့ပြီး ၂၀၁၆ မတ်လနှင့် ၂၀၁၇ မတ်လအကြား နှစ်ရက်လျှင် ကုဋေကြွယ် သူဌေးတစ်ဦးအသစ် ထွက်ပေါ်နေသည်ဟု ဖော်ပြထားသည်။

ကမ္ဘာတွင် လူဆင်းရဲ သန်းထောင်ပေါင်းများစွာက နည်းပါးသောလုပ်ခလစာဖြင့် ရှင်သန်ရန် ရုန်းကန်နေရချိန်တွင် အချမ်းသာဆုံးသူ လက်တစ်ဆုပ်က သိမ်းကျုံးရရှိနေသည့် ဖြစ်စဉ်ကို Oxfam က ၎င်း၏တွေ့ရှိချက်များဖြင့် သရုပ်ဖော် ညွှန်ပြထားခြင်းဖြစ်သည်။

ကုဋေကြွယ်များ တိုးပွားလာမှုသည် အောင်မြင်သောစီးပွားရေး၏ လက္ခဏာမဟုတ်ဘဲ ကျဆုံးနေသည့် စီးပွားရေးစနစ်ပုံစံ၏ လက္ခဏာတစ်ခုဖြစ်သည်ဟု Oxfam အမှုဆောင်ဒါရိုက်တာ ဝင်နီဘယန်ယီမာက ပြောကြားသည်။

အမျိုးသားများထက် အမြဲတစေ ဝင်ငွေနည်းပြီး လုပ်ခလစာနိမ့်သည့် အလုပ်များကိုသာ လုပ်ကိုင်ကြရသည့် အမျိုးသမီးများ လုပ်သားများ၏ အခက်အခဲကိုလည်း Oxfam က တင်ပြထားသည်။

Oxfam သည် သူကြွယ်များနှင့် သာမန်လုပ်သားများ၏ ဝင်ငွေကို နှိုင်းယှဉ်ပြသရန်အတွက် Credit Suisse မှ အချက်အလက်များကို ရယူအသုံးပြုထားသည်။

ဘင်္ဂလားဒေ့ရှ်မှ အထည်ချုပ်လုပ်သားများ တစ်သက်လုံး လုပ်ကိုင်ရရှိသည့် ငွေပမာဏကို ကမ္ဘာ့နာမည်ကြီး ဖက်ရှင်လုပ်ငန်းငါးခုမှ အမှုဆောင်အရာရှိများက လေးရက်အတွင်း ရရှိသည်ဟုလည်း Oxfam က ထောက်ပြသည်။

“ကျွန်မတို့အတွက် အဝတ်အထည်တွေ၊ ဖုန်းတွေ၊ စားသောက်ကုန်တွေ ထုတ်လုပ်ပေးနေတဲ့ လုပ်သားတွေဟာ သူတို့အတွက် ဈေးပေါပေါ အခြေခံလူသုံးကုန်တွေ မှန်မှန်ရနိုင်ဖို့အတွက် ခေါင်းပုံဖြတ်ခံနေကြရပြီး သူကြွယ်နဲ့ ကော်ပိုရေးရှင်းကြီးတွေ အမြတ်တိုးအောင် လုပ်ပေးနေကြရတယ်”ဟု Oxfam မှ ဝင်နီဘယန်ယီမာက ပြောကြားသည်။

ဆင်းရဲချမ်းသာ ကွာဟမှုကို တိုက်ဖျက်ရန်အတွက် ရှယ်ယာရှင်များနှင့် အမှုဆောင်များ၏ ဝင်ငွေကို ကန့်သတ်ရန်၊ ကျား/မ လစာကွာဟမှုကို ပိတ်ရန်၊ အခွန်ရှောင်မှုကို နှိမ်နင်းရန်၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍသုံးစွဲမှုကို တိုးမြှင့်ရန် အစိုးရများကို Oxfam က တိုက်တွန်းထားသည်။

ကျိုးပဲ့နေသော ကမ္ဘာကြီးတွင် အများနှင့်ဆိုင်သော အနာဂတ်ကို မည်သို့ဖန်တီးကြမည်ဆိုသည်ကို အဓိကထားမည်ဟုဆိုသော ကမ္ဘာ့စီးပွားရေးဖိုရန်ကို ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်တွင် ကျင်းပခါနီးတွင် Oxfam အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဆင်းရဲချမ်းသာ ကွာဟမှုကို စိတ်ပူနေပါတယ်လို့ ပါးစပ်ကမပြောတဲ့ ခေါင်းဆောင်တွေ၊ သူဌေးတွေ မရှိသလောက်ပါပဲ။ ဒါပေမဲ့ ဒီကိစ္စကို တကယ်တမ်း လက်တွေ့လုပ်ဆောင်နေတဲ့ သူကိုလည်း တွေ့ဖို့ခက်ပါတယ်”ဟု ဘယန်ယီမာက ပြောကြားသည်။

F-04


  • VIA