News

POST TYPE

FOREIGN AFFAIRS

အမေရိကန် အစိုးရယန္တရား ရပ်ဆိုင်းမှုကြောင့် ရုံးဖွင့်ရက်တွင် ဌာနဆိုင်ရာဝန်ဆောင်မှုများ လည်ပတ်နိုင်ခြင်းမရှိ
23-Jan-2018


ဝါရှင်တန်၊ ဇန်နဝါရီ ၂၂

အမေရိကန် အစိုးရယန္တရား ရပ်ဆိုင်းနေမှုကို အဆုံးသတ်ရန် အထက်လွှတ်တော်တွင် ညှိနှိုင်းမှုမပြေလည်သောကြောင့် တနင်္လာနေ့ (ဇန်နဝါရီလ ၂၂ ရက်နေ့) အစိုးရရုံးများ ဖွင့်ရက်ရောက်လာချိန်တွင် ဌာနဆိုင်ရာဝန်ထမ်းအများအပြား ရုံးမတက်ရသောကြောင့် ဝန်ဆောင်မှုများ လည်ပတ်နိုင်ခြင်းမရှိဖြစ်နေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဘဏ္ဍာနှစ်သစ်အတွက်ရသုံးငွေ မှန်းခြေစာရင်း (ဘတ်ဂျက်) သဘောတူညီမှုမရပါက လုပ်မြဲထုံးစံဖြစ်သည့် ဆက်လက်လည်ပတ်ရေးဆုံးဖြတ်ချက် (Continuning Resolution-CR) ဟုခေါ်သော ယာယီလျာထားအသုံးစရိတ် ချထားပေးရေးတွင်ပင် ညှိနှိုင်းမရနိုင်သောကြောင့် ပြည်ထောင်စုအစိုးရဝန်ထမ်းများကို လစာမပေးနိုင်ဘဲ အစိုးရယန္တရား ရပ်ဆိုင်းရခြင်းဖြစ်သည်။

ပြေလည်မှုမရသည့် အထက်လွှတ်တော်တွင် တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၂၁ ရက်နေ့) တွင်ပါ အစည်းအဝေးခေါ်ယူညှိနှိုင်းခဲ့သော်လည်း ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များအကြား သဘောတူညီမှု မရနိုင်ခဲ့ပေ။ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ မူဝါဒမှာ နှစ်ဖက်ပြေလည်မှုမရသည့် အဓိကအကြောင်းအရာအဖြစ် ရှိနေသည်။

မရှိမဖြစ်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်ဖွင့်ပေးထားသော်လည်း လစ်ဘာတီရုပ်တုပန်းခြံကဲ့သို့သော ထင်ရှားသည့် အများပြည်သူနှင့်ဆိုင်သောနေရာများကို ပိတ်ထားခဲ့ရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ကတည်းက လစ်ဘာတီရုပ်တုရှိရာနေရာကို ပိတ်ထားခဲ့ရရာ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူးကျူရိုမိုက ဝန်ထမ်းလုပ်ခကို နေ့တွက်ဖြင့် ပေးချေရန် ပြည်နယ်အသုံးစရိတ်ထဲမှ သုံးစွဲနိုင်ရေးလုပ်ဆောင်သွားမည်ဖြစ်ပြီး မကြာမီပြန်ဖွင့်နိုင်ရန် စီစဉ်နေသည်ဟု ပြောကြားထားသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ သန်းခေါင်ယံကျော်သည်အထိ ယာယီလျာထားအသုံးစရိတ်ချပေးရန် အထက်လွှတ်တော်တွင် သဘောတူညီချက်မရသောကြောင့် အစိုးရယန္တရားရပ်ဆိုင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစိုးရယန္တရား ရပ်ဆိုင်းမှု (Government Shutdown) ဆိုသည်မှာ ဝေါဟာရ အသုံးအနှုန်းအရ စိုးရိမ်ဖွယ်ရာကိစ္စဖြစ်သော်လည်း အမေရိကန်တွင် ရံဖန်ရံခါဆိုသလို ဖြစ်ပွားတတ်သည့်ကိစ္စဖြစ်သည်။

ရသုံးမှန်းခြေငွေစာရင်းကို လွှတ်တော်က အတည်ပြုသည့်ပုံစံ ပြောင်းလဲလိုက်ပြီးသည့်နောက်ပိုင်း ၁၉၇၆ မှစပြီး အစိုးရယန္တရားရပ်ဆိုင်းမှုစုစုပေါင်း ၁၈ ကြိမ်တိတိ ဖြစ်ပွားခဲ့ဖူးသည်။ နောက်ဆုံးအကြိမ်မှာ ၂၀၁၃ ခုနှစ် သမ္မတဘားရက် အိုဘားမားလက်ထက်ကဖြစ်ပြီး နှစ်ပတ်ကျော် ကြာမြင့်ခဲ့သည်။

အဓိကအားဖြင့် ပါတီကြီးနှစ်ခုဖြစ်သော ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်အကြား ရသုံးငွေစာရင်းကိစ္စ သဘောကြီးကြီးမားမား ကွဲလွဲလျှင်ဖြစ်တတ်သည့် ကိစ္စမျိုးဖြစ်သည်။ ပုံမှန်အားဖြင့် နှစ်ပါတီစလုံးသည် ရသုံးငွေစာရင်းသစ်မရေးဆွဲမီ ၎င်းတို့သုံးစွဲလိုသော အဓိကကိစ္စကို ချပြလေ့ရှိပြီး နှစ်ဖက် အပြန်အလှန်အလျှော့ပေးမှုဖြင့် ညှိနှိုင်းဆွေးနွေးလေ့ရှိသည်။

သို့သော်လည်း လွှတ်တော်နှစ်ရပ်စလုံးကိုရော အိမ်ဖြူတော်ကိုပါ တစ်ပါတီတည်းက လွှမ်းမိုးထားချိန်တွင် ယခုကဲ့သို့ အစိုးရယန္တရား ရပ်ဆိုင်းမှုဖြစ်ပွားခြင်းမှာ ရှားပါးသည့်ကိစ္စဖြစ်သည်။

ရီပတ်ဘလစ်ကန်တို့သည် လွှတ်တော်နှင့် အစိုးရကို လွှမ်းမိုးထားနိုင်ပြီး အထက်လွှတ်တော်တွင် အမတ် ၁၀၀ (လက်ရှိတွင် တစ်ဦးလစ်လပ်သောကြောင့် ၉၉ ဦး) ရှိရာ၌ ၅၁ ဦးမှာ ရီပတ်ဘလစ်ကန်များဖြစ်သည်။ သို့သော်လည်း အထက်လွှတ်တော်တွင် အတည်ဖြစ်ရန်မှာ အမတ် ၆၀ ၏ ထောက်ခံမဲလိုအပ်နေရာ ဒီမိုကရက်တို့ဘက်မှ အနည်းဆုံး ၉ ဦးမျှ သဘောမတူပေးဘဲ မည်သို့မျှ အတည်မပြုနိုင်သော ဖြစ်နေခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင် သမ္မတထရမ့်က အိမ်ဖြူတော်တွင် နှစ်ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းရာ၌ မပြေလည်ခဲ့သောကြောင့် ယခုကဲ့သို့ ရှုပ်ထွေးသွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရ သတင်းများအရ ဒီမိုကရက်တို့က ဘတ်ဂျက်သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသအဖြစ် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ မူဝါဒအရေး ဆွေးနွေးလိုနေပြီး ရီပတ်ဘလီကန်တို့က မူအစိုးရယန္တရား ပြန်လည်မလည်ပတ်နိုင်မချင်း ယင်းကိစ္စ မဆွေးနွေးဟူသော ရပ်တည်ချက်ကို ကိုင်စွဲထားသည်ဟု သိရသည်။

အစိုးရယန္တရား ရပ်ဆိုင်းနေချိန်တွင် အိုးအိမ်၊ သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေးဌာနများမှ ဝန်ထမ်းအများစု ရုံးတက်ရမည်မဟုတ်ပေ။ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ပို့ဆောင်ရေးဌာနများမှ ဝန်ထမ်းထက်ဝက်ခန့်မှာလည်း ရုံးတက်ရန် လိုအပ်မည်မဟုတ်ပေ။

မရှိမဖြစ်ဝန်ဆောင်မှုများကိုသာ ဆက်လက်ဖွင့်လှစ်ပေးထားမည်ဖြစ်သည်။အစိုးရယန္တရား ရပ်ဆိုင်းမှုမှာရက်ပိုင်းဆိုပါက တိုင်းပြည်အပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိသော်လည်း ရက်ကြာလာသည်နှင့်အမျှ တိုင်းပြည်စီးပွားရေးအပေါ် ထိခိုက်လာမည်ကို စိုးရိမ်မှုများရှိနေသည်။

F-03