News

POST TYPE

FOREIGN AFFAIRS

အိုလံပစ်အကြို စစ်ဆေးရေးအသင်းကို မြောက်ကိုရီးယား မိုရန်ဘွန်း အမျိုးသမီးတေးဂီတအဖွဲ့ခေါင်းဆောင် ဦးဆောင်
23-Jan-2018


ဆိုးလ်၊ ဇန်နဝါရီ ၂၂ 

လာမည့်လ ဆောင်းရာသီအိုလံပစ် ကျင်းပမည့်နေရာများကို လေ့လာစစ်ဆေးရန်အတွက် တောင်ကိုရီးယားသို့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို နာမည်ကျော် မိုရန်ဘွန်း အမျိုးသမီးတေးဂီတအဖွဲ့ခေါင်းဆောင် ဆယ်လီဟွန်ဆွန်းဝါက ဦးဆောင်လာခြင်းဖြစ်သည်။

၂ နှစ်အတွင်း ပထမဆုံးပြုလုပ်သော အကြီးတန်းအဆင့် ဆွေးနွေးမှုများတွင် ဆောင်းရာသီအိုလံပစ်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန် မြောက်ကိုရီးယားဘက်က သဘောတူခဲ့သည်။

ထိုဆုံးဖြတ်ချက်သည် နျူကလီယားအရေးကြောင့် တင်းမာနေသည့် အခြေအနေတွင် ထူးကဲသော သံတမန်ရေး ပေါက်မြောက်မှုဟု အများက ရှုမြင်ကြသည်။

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ဆိုးလ်သို့မရောက်မီ လုံခြုံရေး တင်းကျပ်စွာချထားသည့် နယ်ခြားကို ဘတ်စ်ကားဖြင့် ဖြတ်သန်းလာပုံကို ပြည်တွင်းမီဒီယာများတွင် ပြသခဲ့သည်။

ရဲအရာရှိ ရာပေါင်းများစွာ ဝန်းရံပေးထားသော ကိုယ်စားလှယ်အဖွဲ့သည် အရှေ့ပိုင်းဂန်းနန်မြို့တွင် ရထားပေါ်သို့ ပြောင်းတက်ခဲ့ကြသည်။

သို့ရာတွင် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဟွန်ဆွန်းဝါကိုသာ တောင်ကိုရီးယား ကင်မရာများက အာရုံစိုက်ခဲ့ကြသည်။ သူမနှင့် မိုရန်ဘွန်းတေးဂီတအဖွဲ့ဝင် ၁၀ ဦးသည် မြောက်ကိုရီးယား၏ မက်လောက်စရာ မျက်နှာဖုံးသဖွယ် ဖြစ်နေပြီး ပြုံယမ်း၏ Spice Girls ဟု ခေါ်ဝေါ်ကြသည်။

မီနီစကတ်နှင့် ဒေါက်ဖိနပ်စီးကာ အနောက်တိုင်း ပေါ့ပ်တေးဂီတနှင့် မျိုးချစ်လှုံ့ဆော်ရေး သီချင်းများကို ပေါင်းစပ်ထားသည့် ဟန်ပန်ကို တောဆန်သည့်စတိုင်ဟု တောင်ကိုရီးယားတို့က ရှုမြင်ကြကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ဟွန်ဆွန်းဝါသည် ခေါင်းဆောင်လေးကင်၏ ရည်းစားဟောင်းဟု ကောလာဟလများ ထွက်ခဲ့ဖူးသော်လည်း မြောက်ကိုရီးယားအရေး လေ့လာသူများကမူ ထိုသို့မဟုတ်ကြောင်း မှတ်ချက်ပေးကြသည်။

အိုလံပစ်ပွဲကာလအတွင်း ဆိုးလ်နှင့်ဂန်းနန်တွင် ဖျော်ဖြေပွဲနှစ်ခုပြုလုပ်မည့် အဖွဲ့ဝင် ၁၄၀ ပါ ဆမ်ဂျီယွန် ဂီတကဇာတ်အဖွဲ့ကို သူမက ဦးဆောင်လာမည်ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့၏ နှစ်ရက်ကြာခရီးစဉ်သည် အိုလံပစ်ပွဲတွင် ပြုံယမ်းပါဝင်ဆင်နွှဲရန် ပထမဆုံးကြိုတင်ပြင်ဆင်မှု တစ်ခုဖြစ်သည်။ လေးနှစ်ကာလအတွင်း ပြုံယမ်းတာဝန်ရှိသူများ တောင်ဘက်သို့ ပထမဆုံး လာရောက်မှုဖြစ်သည်ဟုလည်း သတင်းများက ရေးသားသည်။

မြောက်ကိုရီးယား၏ ရေခဲပြင်စကိတ်စခန်းကို လေ့လာစစ်ဆေးရန် တောင်ကိုရီးယား တာဝန်ရှိသူများကို စေလွှတ်မည်ဖြစ်သကဲ့သို့၊ မြောက်ကိုရီးယား အားကစားသမားများအတွက် ထောက်ပံ့ပို့ဆောင်ရေး ကိစ္စများကို စစ်ဆေးရန် ယခုအပတ်အတွင်း တောင်ဘက်သို့ ဒုတိယကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာဦးမည်ဖြစ်သည်။ 
 
F-04


  • VIA