News

POST TYPE

FOREIGN AFFAIRS

ပြင်သစ်တစ်နိုင်ငံတစ်ဝန်းရှိ ထောင်စောင့်ဝန်ထမ်းများ သပိတ်မှောက်
22-Jan-2018

ပဲရစ်၊ ဇန်နဝါရီ ၂၂

ပြင်သစ်ရှိ ထောင်သားများက ထောင်စောင့်များကို တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်ပြီးနောက် တစ်နိုင်ငံလုံးရှိ ထောင့်စောင့်များက သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်ဟု BBC သတင်းဌာနတွင်ဖော်ပြသည်။

လစာတိုးပေးရန်နှင့် လုံခြုံရေး တိုးမြှင့်ပေးရန် အစိုးရထံ တောင်းဆိုခဲ့ကြပြီး ထောင်များကို တနင်္လာနေ့တွင် လုံးဝ တားဆီးပိတ်ဆို့မည်ဟု ထောင်အမှုထမ်းများ ကြွေးကြော်ခဲ့ကြသည်။

ထောင်ဝန်ထမ်းသမဂ္ဂများ၏ တာဝန်ရှိခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပြဿနာများ အားလုံး ဖြေရှင်းမည်ဟု တရားရေးဝန်ကြီး နီကိုးလ်ဘဲလုဘ်ဘတ်က ပြောခဲ့သည်။

လွန်ခဲ့သောအပတ်က သပိတ်မှောက်မှု အဆုံးသတ်ရန် အစိုးရ၏ ကမ်းလှမ်းချက်များကို ထောင်ဝန်ထမ်း သမဂ္ဂများက ပယ်ချခဲ့ကြသည်။

ပဲရစ်မြို့ပြင်ရှိ လုံခြုံရေး အလွန်မြင့်မားသည့် ဖလူရီမယ်ရိုဂျစ် ထောင်နှင့် ဖရက်စ်နက်စ် ထောင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ ထောင်များမှ ထောင်စောင့်များက France’s CGT သမဂ္ဂ၊ the Force Ouvrière (FO) သမဂ္ဂနှင့် Ufap-Unsa Justice သမဂ္ဂတို့၏အကူအညီဖြင့် ဆန္ဒပြပွဲတွင် ပါဝင်နေကြသည်။

ပြင်သစ် တရားရေးဝန်ကြီးဌာနက ဆွေးနွေးမှုများ ချက်ချင်း ပြန်လည်စတင်ရန် သမဂ္ဂကိုယ်စားလှယ်များကို တိုက်တွန်းခဲ့သည်။

ထောင်များ ပုံမှန် လည်ပတ်နေရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်းလည်း တရားရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

ထောင်အမြောက်အများရှိ ထောင်စောင့်များ တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့ကြသည့်နောက်တွင် ထောင်စောင့်များ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

လွန်ခဲ့သောတစ်ပတ်တွင် ပဲရစ်မြို့တောင်ဘက်ရှိ ဖရက်စ်နက်စ် အကျဉ်းထောင်တွင် ထောင်စောင့် အရာရှိ သုံးဦး တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့ကြသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ခလိမ်းစ်မြို့အနီးရှိ လွန်ဂရူနက်စ် အကျဉ်းထောင်တွင် ထောင်စောင့်နှစ်ဦး အတိုက်ခိုက်ခံခဲရပြီး ဆေးရုံ ရောက်ခဲ့ရသည်ဟု အကျဉ်းထောင် အရာရှိများက ဆိုသည်။

“ထောင်စောင့်တွေကို ထပ်ပြီးတိုက်ခိုက်လာကြပါတယ်၊ ကျွန်တော်တို့ မခံနိုင်တော့ပါဘူး”ဟု Ufap-Unsa union မှ ပြောရေးဆိုခွင့်ရှိသူ ယန်းနစ် လက်ဖ်ဖက်ဘရေးက ပြောခဲ့သည်။ 

“ဒါက နေ့တိုင်း ခံနေရတာပါ”ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

လေးနှစ်ကျော်အတွင်း ထောင်ဝန်ထမ်း အစောင့် ၁၁ဝဝ ခန့် ထပ်မံ ခန့်ထားသွားရေး အဆိုပြုချက် ပယ်ချခံခဲ့ရပြီးနောက် ထောင်ဝန်ထမ်းသမဂ္ဂများက ထပ်တိုး ကန့်ကွက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

လက်ရှိတွင် အကျဉ်းသားပေါင်း ၇၈,ဝဝဝ ဦး ထိန်းသိမ်းထားသည့် အဆောက်အအုံ ၁၈၈ ခုတွင် အကျဉ်းဦးစီးဌာနက ထောင်စောင့် ၂၈ဝဝဝ ခန့်အပ်ထားသည်။

F-06